
ဟိုးဝေးဝေးမှာ မြင်နေရတာ နှင်းဆီပွင့်လား.. သွေးစက်တွေလား..
အမှောင်အတိဖုံးနေသော ပတ်ဝန်းကျင်တွင် မြင်ရသမျှက အနီ.. အနီ.. အနီ.. အရောင်ဆိုတာ အလင်းရှိမှ မြင်ရမယ့်အရာ မဟုတ်ဘူးလား.. တခြားဘာမှတောင် မမြင်ရဘဲနဲ့ ဘာကြောင့် ဒီအနီကိုတော့ မြင်နိုင်နေသလဲ..
အနီရောင် – လှုပ်ရှားတက်ကြွတာ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာ.. သတ္တိနဲ့ ခွန်အားဗလ၏ ကိုယ်စားပြု.. ပြီးတော့ သွေးရဲ့အရောင်.. စိတ်စွမ်းအင်.. စိတ်လှုပ်ရှားစေတာ.. အချစ်.. စစ်ပွဲ နဲ့ ရမက်ဆန္ဒတွေ..
လှုပ်ရှားတက်ကြွဖို့ လိုအပ်နေပြီလား.. အင်းလေ.. ထုံရီထိုင်းမှိုင်းနေခဲ့တာ ရက်ပေါင်းဘယ်လောက်များများ ကြာနေပြီလဲ.. ၁ လ.. ၂ လ လား.. ပြန်လည် လန်းဆန်းတက်ကြွလာအောင် ဘာတွေလုပ်ရမှာပါလိမ့်.. ခေါင်းထဲက တခြားအရောင်တခုခုကို ထုတ်ဖယ်ပစ်လိုက်ရမလား.. ဥပမာ- အညိုရောင်ပေါ့.. ဟင်.. အထီးကျန်ခြင်းနဲ့ တွေဝေညို့မှိုင်းခြင်းရဲ့ အဓိပ္ပါယ်..
တကိုယ်လုံးမှာ တဖြည်းဖြည်းချင်း စီးဝင်ပျံ့နှံ့လာနေတတ်တဲ့ အဲ့ဒိ သိမ်ငယ်စိတ်တွေကိုရော ဘယ်လို တိုက်ထုတ်မောင်းနှင်ပစ်ရမလဲကွယ်.. နောင်တ မရတတ်တဲ့ ငါ ဘယ်ရောက်သွားပါလိမ့်.. အမြဲ ချိုသာကြည်ရွှင်နေတတ်တဲ့ ငါ ဘယ်အချိန်ကတည်းက ပျောက်ဆုံးသွားတာလဲ.. စိတ်ဓာတ်အင်အား ပြည့်ဝတဲ့ သတ္တိရှိတဲ့ ငါ ဘယ်တုန်းက ထွက်ခွာသွားခဲ့တာလဲ..
မတရားတာ မရှိဘူးဆိုတဲ့ အချစ်နဲ့စစ်.. သြော် သူတို့ကိုလည်း အနီက ကိုယ်စားပြုသတဲ့လား.. အရှုံးအနိုင် သေချာပြီးသား တိုက်ပွဲတစ်ခုအတွက် ဘယ်လိုစိတ်ဓာတ်မျိုးကို ပြင်ဆင်ထားရမလဲလို့ ဘယ်သူကမှ မသင်ပြပေးနိုင်တာ ဝမ်းနည်းစရာ.. “အနာဂတ်ထက် လက်ရှိအချိန်လေးကို တန်ဖိုးထားပါ”ဆိုတဲ့ စကားလေးတစ်ခုထဲက ကိုယ့် ကူရာကယ်ရာဖြစ်နေတာကရော ရယ်စရာကောင်းလို့လား..
မွှေးပျံ့သင်းကြိုင်တဲ့ စိတ်ကို လန်းဆန်းစေတဲ့ ပန်းရနံ့များနဲ့ နီးနေပြီလား.. နီးအောင် အားထုတ်နေရဲ့လားလို့လည်း မသေချာ.. ကိုယ်စိတ်နှလုံးကို ဒဏ်ရာများပဲ ပေးနိုင်တဲ့ ပန်းတွေများလားလည်းမသိ.. ဟိုးဝေးဝေးမှာ မြင်နေရတဲ့ အနီက နှင်းဆီပွင့်လား.. သွေးစက်တွေလား..
လက်ကို ငါ လှမ်းလိုက်တယ်..
———-
(ကဗျာတစ်ပုဒ်ရဲ့ နာမည်နဲ့ အဖွင့်အပိတ် စာသားများကို ငှားပြီး သုံးထားပါတယ်.. ချစ်သောကဗျာဆရာ P .. ကျေးဇူးအထူး)
သစ်သားက ပွတယ် ပျော့တယ်.. သံက မာတယ် ချွန်တယ်..
သံကိုသစ်သားထဲ ရိုက်ထည့်ရင် သစ်သားက အစတွေထွက်ပြီး ဖယ်ပေးလိုက်ရလို့ အပေါက်ဖြစ်သွားတယ်..
အဲ့ဒိနေရာဟာ သံကို သူဖယ်ပေးလိုက်ရတဲ့ သူ့ကိုယ်ပိုင်နေရာပဲ.. သံက အနိုင်ရတယ်..
မင်းက သစ်သားလား သံလား..
သစ်သားဆို နေရာဖယ်ပေးလိုက်.. သံဆို နေရာယူလိုက်..
အခွင့်အရေးကတော့ တစ်ခုထဲ.. တစ်နေရာထဲပဲ ရှိတယ်..
ဂျူး
ကြယ်ရောင်စောင့်သူများ ဆောင်းပါးမှ
ဟိုးကောင်းကင်ကြီးပေါ်မှာ
ညဘက်ဆို
ကြယ်လေးတွေအစီအရီ လင်းလက်လာတဲ့အခါ
ပုံပြင်လေးတစ်ပုဒ်
ဒီလိုဖြစ်လာသတဲ့..
အဲ့ဒိ ကြယ်ရောင်ကောင်းကင်ကြီးထဲက
ကြယ်သူမလေးတစ်ယောက်က ပြောတယ်
“အဲ့ဒိလူအတွက်
ခဏတာလေးပဲဖြစ်ဖြစ်
သေးသေးကွေးကွေး လင်းချင်းနိုင်ဖို့
သူ့ကိုယ်သူ လောင်ကျွမ်းခံနေတာပါ”.. တဲ့
“မိုက်မဲလိုက်တာကွယ်”.. လို့
လမင်းကြီးက ပြောတဲ့အခါ
ကြယ်သူမလေးက ပြုံးလေရဲ့
“ကောင်းကင်ကို သူမော့ကြည့်တိုင်း
တခြားကြယ်တွေအများကြီးကိုလည်း
သူတွေ့မှာပါပဲ” တဲ့
“ဟုတ်တယ်”
ကိုယ်ပေါ်မှာ တောက်လောင်နေတဲ့
အဲ့ဒိ မီးလျှံတွေကို ပိုမိုကျွမ်းလောင်စေလိုက်ရင်း
ကြယ်သူလေးက ဖြေတယ်..
“တခါတရံရောက်လာတတ်တဲ့
အကြည့်တချက်လေးတွေကိုပဲ
တမက်တမော ရှိလှပါပြီ”
ပြီးတော့ သူ ပြုံးလိုက်ပြန်တယ်..
ဒီလိုနဲ့
တနေ့တခြား
သူ့ကိုယ်ပေါ်က မီးတောက်တွေ
အရှိန်လျော့ ပျက်ပြယ်လာနေရင်း
နောက်ဆုံးတနေ့မှာတော့
ကြယ်သူမလေးဟာ ကောင်းကင်ပေါ်ကနေ
မှိန်ဖျော့ ပျောက်ကွယ်သွားတော့တယ်..
ကြည့်နေကြအတိုင်း
ကြည့်တာပါပဲ
ဒါပေမယ့်
ခါတိုင်းနဲ့မတူတာ ဘာကြောင့်လဲ
လို့
ကောင်လေးက တွေးနေရင်း
“ကြယ် တလုံးလုံးများ လျော့နေသလားမသိဘူး” တဲ့
ကောင်လေးစကားကို လှမ်းကြားလိုက်တဲ့
လမင်းကြီးက
အသိမှတ်ပြုစကားလေးကို
မကြားသွားရရှာတဲ့ ကြယ်သူမလေးအစား
နင့်နင့်သည်းသည်း
ငိုကြွေးလိုက်တော့သတဲ့ကွယ်.. ..
နင့်နင့်သည်းသည်း နာကျင်စေသော အလွမ်းများနှင့် နောင်တ တချို့တလေကြောင့် ကျမ နှလုံးသားထိခိုက်ခံစားရလွန်းသောအခါ ထိုမြို့လေးသို့ ရောက်အောင်သွားမှဖြစ်တော့မည်ဟု သဘောပေါက်စပြုလာပါသည်..
ပတ်ပတ်လည်တွင် တောင်တန်းများ မှိုင်းညို့ကာဆီးနေသော မြို့ကလေးက ကျမ၏ နှလုံးသားကို ကြံ့ခိုင်မာကျောစေလိမ့်မည်ထင်သည်.. ကျမကို ထိခိုက်စေနိုင်သော အကြည့်များ.. စကားသံများ.. ပြီးတော့ ကျမကို ညှို့ယူနိုင်သည့်၊ ကျမကို မိုက်မိုက်မဲမဲ အတွေးများ တွေးတောကြံစည်စေတတ်သည့် ပါးပြင်လေးတစ်ခု.. ထိုအရာအားလုံး ကျမထံသို့ရောက်မလာအောင် တောင်တန်းများက ကာကွယ်ပေးလိမ့်မည်.. တောင်တန်းတွေကို ကျမ ချစ်ခင်အားကိုးနိုင်မည် ထင်ပါရဲ့..
အေးမြခြောက်သွေ့သော လေညင်းများလွှမ်းခြုံပေးထားသဖြင့် ကျမနှလုံးသား၏ ရှုပ်ထွေးမှုများကို ဖယ်ရှားသက်သာစေဖို့ ကျမ မျှော်လင့်နေပါသည်.. ပူလောင်ပြင်းပြခြင်းမရှိသော ကြမ်းရမ်းထိခိုက်ခြင်းမရှိသော လေညင်းများကို ကျမ အမှန်တကယ်လိုအပ်နေပြီ.. ကျမရဲ့ နောင်တတွေကို ယူသွားပါကွယ်.. ကျမရဲ့နာကျင်မှုတွေကို ယူသွားပါ.. ဖြူစင်ခြင်းနဲ့ ရှင်းလင်းတဲ့ နှလုံးသားအခွံလေးပဲ ကျမကိုယ်ထဲမှာ ချန်ထားပေးခဲ့ပါနော်..
Continue reading »
လွမ်းဆွတ်ကြယ် နာကျင် စိမ်းလဲ့ဝါ
(စာရွက်သေးသေးလေးမှာ ရောင်စုံခဲတံနဲ့ ဟိုခြစ်ဒီခြစ်လုပ်ထားတဲ့ပုံ.. စကန်ဖတ်ပြီး ကာလာနည်းနည်းတင်လိုက်တော့ တမျိုးတော့ဖြစ်သွားပေမယ့် ဒါလေး သဘောကျလို့ အမှတ်တရတင်လိုက်ပါသည်.. ခုတလောမှာ တကယ်ကို လွမ်းဆွတ်ပြီး နာကျင်နေ.. စိတ်ထဲက ကာလာတွေလည်း အရောင်တွေစုံနေသည်)
တစ်ယောက်ယောက် သုံးနှုန်းထားသော အသုံးနှုန်းတခုကို သဘောကျသဖြင့် ဒီပန်းချီကို အဲ့နာမည်ပေးဖြစ်ပါသည်..
အကြွေစေ့ ရှားပါးတဲ့ခေတ်မှာမှ ၁၀၀ ကျပ်တန် အကြွေစေ့လေး ၂ စေ့ရလာသောအခါ ကောင်လေးသည် ပျော်ရွှင်စွာဖြင့် ကောင်မလေးကို ပြလေသည်..
“နင် တစ်ခု ငါတစ်ခု သိမ်းထားရအောင်နော်”
ကောင်မလေးက ပြုံးသောအခါ ကောင်လေး၏ မျက်ဝန်းနက်နက်ကလေးများပါ လိုက်ပြီး ပြုံးရယ်ကြပါသည်..
×××××××
“အကြွေစေ့ နောက်တစ်ခုထပ်ရထားတယ်”
ဘောင်းဘီအိတ်ကပ်ထဲမှ အကြွေစေ့လေးကို ကောင်မလေးက ထုတ်ပြသောအခါ ကောင်လေးက အလိုမကျသလို မျက်မှောင်ကုပ်၏..
“နင်နဲ့ငါ တစ်ယောက်တစ်ခု ဆင်တူထားမှာလေ.. ဒါကို မယူထားနဲ့”
“ဒါဖြင့် ဒါကို ဘာလုပ်ရမလဲ.. အများကြီးလည်းမဟုတ်.. တရာထဲ”
လူစည်ကားသော မြို့လည်လမ်းမကြီး တစ်လျှောက် အတူတူလမ်းလျှောက်နေကြရင်း သူတို့ စဉ်းစားနေကြခြင်းဖြစ်သည်..
Continue reading »
စာရေးပါ စာရေးပါနဲ့ ခဏခဏ ဟိုလူကပြော ဒီလူကပြော ပြောကြတယ်..
ခက်တာက အရင်ကဆို အလုပ်သွားရင်း ကားအကြာကြီးစီးရတော့ ကားပေါ်မှာ ဟိုတွေးဒီတွေးနဲ့ အိုင်ဒီယာလေးတွေရတတ်တယ်.. ခုကျတော့ အတွေးတွေက ဟိုပြေးဒီပြေးဖြစ်ကုန်တယ်.. ဈာန်လည်းမဝင်ဘူး.. ပြီးတော့ ခုနောက်ပိုင်း ကွန်ပျူတာရှေ့ထိုင်ရင် သီချင်းနားထောင်ဖို့နဲ့ ကစားဖို့လောက်ပဲ အာရုံရနေတာခက်တယ်.. အရင်ကလို စာရေးတာနဲ့ ပုံဆွဲတာကို မလုပ်ဖြစ်ဘူး.. ဓာတ်ပုံလေးတွေတော့ များများရိုက်ဖြစ်ပါတယ်.. ဒါတော့ မဆိုးဘူးပြောရမယ်.. တော်သေးတယ်ပေါ့..
ခုလည်း Ginza Pan မှာ ရိုက်လာတဲ့ ပုံလေး သဘောကျလို့ တင်ပေးလိုက်တယ်..
မကောင်းဘူးလို့ မပြောကြေး ! .. =)

ဘန်ကောက်ရဲ့ အမက မွေးတဲ့ သားလေး ရန်ကုန်လို့ ဆိုလိုတာ မဟုတ်ရပါ.. Bangkok to Yangon with Air Asia ပေါ့ဗျာ..
ဘန်ကောက်မှာ တရက်ခွဲကြာခဲ့တယ်.. ပန်တစ်ပလာဇာ သွားတယ်.. အိုင်တီရှော့ပင်းမောလ်ကြီးပဲ.. မိုက်တယ်..ကင်မရာပစ္စည်းတွေ.. ကွန်ပျူတာပစ္စည်းတွေ.. ဆော့ဖ်ဝဲခွေ ဂိမ်းခွေတွေ.. မိုဘိုင်းလ် ပစ္စည်းတွေ.. အစုံ အစုံ.. နေ့တ၀က်လုံး အဲ့ထဲမှာပဲ အချိန်ဖြုန်းကြတယ်..

ဒါ ပန်တစ်ရှေ့မှာ ရိုက်ထားတဲ့ပုံ
နောက်နေ့ကျတော့ မနက်အစောထပြီး (တကယ်က သိပ်တော့လည်း မစောပါဘူး) မြဘုရား အရင်ဆုံး သွားကြတယ်.. ၀င်ကြေး ၃၅၀ .. ဈေးကြီးသား.. မြဘုရားမှာ ရှိခိုးပြီးရင် နောက်တခေါက် ထပ်ထပ်လာရတတ်တယ်လို့ လူပြောများတယ်.. နေကပူတော့ ပင်ပန်းတယ်.. ဘုရားဝင်းထဲမှာက ဟိုနားတွေ ဒီနားတွေ လျှောက်သွားနေရတာကိုး.. ဦးထုပ်လေးဘာလေး မဆောင်းလာမိတာ ကြီးစွာ နောင်တရသွားတာပေါ့.. နောက် မြဘုရားက ပြန်ထွက်လာပြီးတော့ မော်တော်စီးပြီး ကျောက်ဖရားမြစ် တဖက်ကမ်းကိုကူးတယ်.. အဲ့ဘက်မှာ ခဏလည်တယ်.. ပြီးတော့ ဒီဘက်ပြန်ကူးလာတယ်.. လမ်းလေးဈေးလေး လျှောက်ပြီးတော့ platinum plaza ဆီ ခရီးဆက်ခဲ့တယ်..

ထိုင်းအ၀တ်စား ၀တ်ပြီး ဓာတ်ပုံရိုက်ချင်ရင် ၁၀၀ ပေးပြီး ရိုက်လို့ရတယ်.. ဈေးသက်သာတယ်.. မ၀တ်ချင်လို့ မရိုက်ဖြစ်ဘူး
platinum plaza ကတော့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေ အိတ်တွေ ပေါများတဲ့ ဈေးကြီးပဲ.. ၇ ထပ်လား ၆ ထပ်လားမသိ.. ကျယ်လည်း အတော်ကျယ်တယ်.. ပစ္စည်းတွေ ထင်ရာမြင်ရာလေးတွေ ၀ယ်ဖြစ်တယ်.. ည ၇ နာရီခွဲမှာတော့ ဘန်ကောက်က ဘားကမ့်ပ် အော်ဂနိုက်ဇာတွေနဲ့ တွေ့ဖြစ်တယ်.. နောက်တော့ Parking Toys ဆိုတဲ့ music club တစ်ခုကို သွားကြတယ်.. တော်တော်ဝေးဝေး ကားစီးရပေမယ့် တန်တယ်.. တော်တော်မိုက်တယ်.. ၀င်ကြေးလည်း ဖရီးပဲ..
အဲ့နေ့ည အိပ်ရာဝင် နောက်ကျတယ်.. နောက်နေ့ မနက်အိပ်ရာထ နောက်ကျတယ်.. foot scrub လုပ်ချင်လို့ ၁၀ နာရီခွဲလောက်မှာ ဆိုင်သွားတာ.. မဖွင့်သေးဘူး.. ဒါနဲ့ပဲ ဟိုနားဒီနားလျှောက်ပြီး ဟိုတယ်ပြန်လာတယ်.. ရေချိုးတယ် ပစ္စည်းသိမ်းတယ်.. ၁၁ နာရီခွဲလောက်မှာ ဟိုတယ်ကနေ check-out လုပ်ပြီး ကားငှား.. သုဝဏ္ဏဘူမိလေဆိပ်ကို လာခဲ့ကြတယ်.. လေယာဉ်က ၄ နာရီခွဲမှ ထွက်မှာမို့ လေဆိပ်ထဲမှာ အေးအေးဆေးဆေး အချိန်ရတယ်.. နေ့လည်စာစားတယ်.. ဟိုဒီ လျှောက်ကြည့်တယ်.. နောက်တော့ လေယာဉ်ထွက်တယ်..
ရန်ကုန်က မိုးအေးအေးလေး ကြိုတယ်.. စိတ်ချမ်းသာတယ်.. မေကြီး ပါးက သနပ်ခါးနံ့မွှေးတယ်.. ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ဖွနေတဲ့ ညီမလေးရယ်နေတာက ချစ်စရာကောင်းတယ်.. ဖုန်းထဲက ဖေကြီးအသံက နွေးထွေးလိုက်တာ..
အိမ်..
မိသားစုနဲ့ ချစ်ခင်သူတွေရှိတဲ့ နေရာအရပ်ကို အိမ်လို့ခေါ်ပါတယ်..
ပတ္တရားကမ်းခြေ နောက်ဆက်တွဲရက်များအကြောင်းပါ..

uhn hum.. ပတ္တရားကမ်းဘက်ကနေ တစ်နာရီနီးပါးလောက် စပိဘုတ်စီးပြီး သွားရတဲ့ကျွန်းလေးပေါ် သွားလည်ကြတယ်.. ရေကူးကြတယ်.. ဘောလုံးကန်တယ်.. ခရုတွေ ဂဏန်းတွေ ပုဇွန်တွေနဲ့ ဂုံးကောင်တွေ စားကြသေးတယ်..မဆိုးပါဘူး စားလည်းကောင်းပြီး ဈေးလည်း တန်တယ်ပြောရမယ်.. ပုံတွေထပ်ကြည့်ချင်ရင်နှိပ်..
jetski တွေ စီးကြတယ်.. ရေဆော့ကြတယ်.. အတော်ပင်ပန်းတယ်.. မျက်စိတွေလည်းစပ် အသားတွေလည်း စုတ်ပြတ်နေလောက်ရောပေါ့.. သဲဖြူဖြူမွမွလေးတွေက လူကို ပျော်ရွှင်ကြည်လင်စေတာနဲ့အမျှ အလင်းပြန်မှုလည်း သိပ်များတာပဲ.. ဒီလိုပဲလားမသိ.. လှတဲ့အရာတွေဟာ လူကို ဒုက္ခပေးတယ်.. uhn hum..

တခါတလေ ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စတချို့တလေအတွက် အပြစ်ဒဏ်သဘောမျိုး ခံရတဲ့အခါ နာလိုခံခက်ဖြစ်ရတတ်တယ်.. နေရထိုင်ရခက်ခဲတယ်.. အသက်ရှူရခက်တယ်.. ငါ မှားနေတာလားလို့ အကြိမ်ကြိမ်တွေးမိပြီးတဲ့အခါ ငါ မမှားဘူးလို့ ပြန်ပြန်အားတင်းရတာက အင်အားတွေကုန်ခမ်းတယ်.. ပျော်စရာခရီးကိုလာတဲ့အခါ ပျော်ပဲ ပျော်ချင်တာ သဘာဝကျမယ်ထင်တယ်.. သို့သော်လည်းပေါ့လေ ပျော်ပုံပျော်နည်း ကွဲပြားတဲ့အခါ.. .. . .
အော်.. ပြီးတော့ ပြောပြရဦးမယ်.. ပင်လယ်ရေဆိုတာ အများကြီးပါ.. တယောက်ထဲသောက်မကုန်ဘူးတဲ့.. ဒါပေမယ့် ငန်တယ်..
မြန်မာလေဆိပ်ရဲ့ စနစ်တွေက အမြင်ကပ်စရာ ကောင်းလိုက်ပုံများ.. ပြောကို မပြောချင်ဘူး.. သံရုံးကတောင် သွားပါစေတော့ရယ်လို့ ဗီဇာထုတ်ပေးပြီးပြီကို ဘာမဟုတ်တဲ့ လေကြောင်းလိုင်းက မိန်းမတွေက ရစ်တာကို ခံနေရသေးတယ်.. အဲ့ဒါ ဓနရှင်တွေကြောင့်.. ကတောက် !
လေယာဉ်ပေါ်မှာ နားတွေအူတယ်.. နည်းနည်းလည်း မူးတယ်.. ဘာမှ မဟုတ်ဘူး.. အဲ့ဒါ ဓနရှင်တွေကြောင့်..
ထိုင်းလေဆိပ်ရောက်တယ်.. တခါတည်း ကြိုစီစဉ်ထားတဲ့ ကားနဲ့ ပတ္တရားကို ဆက်သွားတယ်.. ကားအကောင်းစားကြီးဖြစ်နေတာကလွဲရင် ဘေးနားကမြင်ကွင်းတွေက ရွာသာကြီးကနေ လှိုင်သာယာစက်မှုဇုံသွားနေရသလိုပဲ.. လယ်ကွင်းတွေနဲ့.. ကားလမ်းတွေ ဖြောင့်ဖြူးနေတာကိုတော့ မေ့ထားလိုက်ပါတယ်..
ကားရပ်နားစခန်းရဲ့ ပုံစား ထမင်းဆိုင်မှာ နေ့လည်စာ စားဖြစ်ကြတယ်.. တန်တယ်ပြောရမယ်.. ကားကို ၁ နာရီခွဲနီးပါး စီးပြီးတော့ ပတ္တရားကိုရောက်တယ်.. ဈေးသိပ်ကြီးတဲ့ ဟိုတယ်မှာ မတည်းနိုင်ပေါင်.. ခပ်သေးသေး သို့သော် ချစ်စရာကောင်းတဲ့ ဟိုတယ်လေးကို ရွေးလိုက်တယ်.. ကမ်းခြေနဲ့တော့ သိပ်ဝေးတာပဲ.. ဒါမယ့် လူမရှုပ်ဘူး မျက်စိမရှုပ်ဘူး နားမရှုပ်ဘူး.. ကမ်းခြေနဲ့ ကပ်နေတဲ့ ကမ်းခြေတလျှောက်က ဟိုတယ်တွေကတော့ ဈေးလည်းကြီး ခမ်းလည်းခမ်းနား.. ဒါမယ့် call girl တွေ ခြေချင်းလိမ်နေတဲ့ နေရာတွေပဲ.. ဒီမှာ အဲ့ဒါတွေ သိပ်များတယ်.. ငပလီတို့ ချောင်းသာတို့.. ဖူးခက်တို့လို သောင်ပြင်ကျယ်ကျယ် ရှင်းလင်းကျယ်ပြန့်မဟုတ်ဘူး..

နေထွက်စ ပတ္တရားကမ်းခြေ (ပုံကြီးကြည့်ရင် ပိုလှတယ်နော် တိလား)
ရောက်ရောက်ချင်း ညနေကိုတော့ ကမ်းခြေမသွားဖြစ်ဘူး.. ဟိုတယ်ရေကူးကန်မှာပဲ ရေကူးဖြစ်တယ်.. ည အစောအိပ်တယ်.. ယနေ့ ဒုတိယနေ့.. ညဘက် ဈေးတန်းနည်းနည်းလျှောက်ဖြစ်ကြတယ်.. ပင်လယ်စာ ထမင်းကြော်စားတယ်.. ဘတ် ၅၀ ပဲ.. စားကောင်းတယ်.. ဟိုဟာလေး ဒီဟာလေး လျှောက်ကြည့် လျှောက်ဝယ်လိုက်သေးတယ်.. လာတဲ့ နိုင်ငံခြားသားတွေက ကြည့်မကောင်းလှဘူး.. အပေတေပုံစံတွေများနေတယ်.. ထိုင်းမလေးတွေနဲ့ တွဲပြီး လန်းလန်း လန်းလန်း လုပ်နေကြတာပဲ.. ဒီမှာမြင်ရသလောက် ထိုင်းမတွေ အပြင်ဆင်ကြောင့်သာ ကြည့်ကောင်းတာ ကိုယ်တွေဆီက မြန်မာမတွေကမှ လှသေးတယ်.. ကိုယ်တွေဆီက သူတို့လို အလန်းတွေ သိပ်မနေကြလို့.. အဲကွန်းနဲ့ နေရာတကာ မနေနိုင်လို့.. ပြောရရင် ဓနရှင်တွေကြောင့် ပေါ့ဗျာ..
(ဓနရှင်တွေ စွတ်ပါနေတာ ဘာမှမဟုတ်ဘူး.. အချင်းချင်းနောက်နေတဲ့စကား.. တခုခု လွဲချော်တိုင်း ဓနရှင်တွေကို ပုံချနေတာလေ.. )
အော် ဓာတ်ပုံတွေလား ဒီမှာ ကြည့်.. ခုမှ ၂ ရက်ပဲ ရှိသေးတယ်.. နောက်နေ့တွေအကြောင်း နောက်နေ့မှ ဆက်ပြောမယ်.. အင်တာနက်ကောင်းနေတာပဲဟာ.. ဘယ်ချိန် စာရေးရေးပေါ့.. ဟုတ်ဖူးလား.. ^_~
Recent Comments