ပွေ့ဖက်မိသော သူစိမ်းများ တဲ့14-05-2010 | 17:06:00 | 5 Comments

ဒီဘလော့မှာ ဖတ်မိတဲ့ ကဗျာတစ်ခု.. သဘောကျလွန်းလို့ ပြန်မျှဝေပါတယ်..

ပွေ့ဖက်မိသော သူစိမ်းများ

တခါတုန်းကတော့
(သူတို့နဲ့)
အကျီစချင်းတောင် မတိုက်မိခဲ့ဖူးပါ။

တနေ့မှာတော့
အမှတ်တမဲ့
ပုခုံးချင်းတိုက်မိကြတယ်ပေါ့။

နောက်…
လောကကြီးထဲ ငါသိတဲ့ နာမည်တိုးလာရုံ။
(ဘာသိဘာသာပဲ)

တရက်ကျ
ငါတို့ ပြုံးပြဖြစ်တယ်။
(ဘာရယ်မဟုတ်ဘူး)

နောက်ရက်မှာ
လမ်းတခုကို ယှဉ်လျှောက်တယ်။
(တိုက်ဆိုင်တာထင်ပါ့)

အဲဒီနောက်
ကော်ဖီတူတူသောက်တယ်။
(နွေးထွေးသားပဲ)

နောက်တနေ့တော့
ငါ့အိမ်မက်တွေ ဖိတ်စင်ပြီး
သူတို့အိမ်မက်တွေ ကြားနာဖြစ်တယ်။

နောက်တရက်..

နောက်တရက်..

နောက်တရက်..

…………….

သူတို့ မျက်ရည်တွေက
ငါ့ကို ဖျားနာစေလာတယ်။

သူတို့အပြုံးတွေက
ငါ့အတွက် မနက်ခင်းတခု။

သူတို့ နာကျင်မှုကြောင့်
ငါပါ ဆေးကုရတယ်။

သူတို့ ချွေးစက်တွေက
ငါ့ကို နွမ်းနယ်စေတယ်။

သူတို့ တက်ကြွမှုက
ငါ့အတွက် energy drink။

သူတို့အတွက်
ငါ့ပုခုံးနှစ်ဖက် အမြဲအသင့်ရှိလာတယ်။

သူတို့အတွက်
ငါ့ဦးနှောက်တွေ အလုပ်လုပ်တယ်။

သူတို့အတွက်
ငါ့အာရုံတွေ အချိန်ပြည့်အားလပ်တယ်။

(ဒီလိုပါပဲ..)
အလန့်တကြား သတိထားမိတော့..
ငါ… ပွေ့ဖက်မိပြန်ပါရောလား..

BarCamp Yangon22-01-2010 | 20:15:58 | 1 Comment

BarCamp Yangon 2010

January 23rd-24th

Myanmar Info-Tech (Yangon).

See More @ http://www.barcampyangon.org

Live Tweet @ http://twitter.com/barcampyangon

April 909-04-2009 | 20:05:41 | 10 Comments

အားလုံးကို သတင်းကောင်းရော သတင်းဆိုးရော ပြောပြဖို့ရှိနေတယ်..
သတင်းကောင်းကတော့ တောင်ကြီးကို ပျော်ရွှင်စွာ ကျန်းမာစွာရောက်သွားတယ်ပေါ့.. အားလုံးအိုကေတယ်.. ဒီမှာ ဘော်ဒါတွေလည်းပြန်ဆုံလို့ ၀ိုင်ဆိုင်လေးကလည်း အသစ်ပြင်ထားတာ သာယာလှပါဘိတောင်း..

သတင်းဆိုးကတော့ ကင်မရာပေါ့.. lens ကပ်သွားတာ.. focus လုံးဝမပြတ်တော့ဘူး.. အရောင်တွေမမှန်ဘူး
ခရမ်းရောင် ဝါးတားတားစောက်တလွဲပုံတွေပဲ ထွက်ထွက်လာတယ်.. အဲဒါ ရန်ကုန်အိမ်ကို ဖုန်းဆက်ပီး
ကားနဲ့တင်ပို့လိုက်မယ် သွားယူပြင်ပေး ပြီးရင် ပြန်ပို့ပေးဆိုတာကိုမလုပ်ပေးကြဘူး.. သင်္ကြန်ရက်ခံနေတယ်.. အဲလိုပို့ရင် ဘာဖြစ်မယ် ညာဖြစ်မယ်.. ကားသမားက သေချာသယ်မှာမဟုတ်ဘူး.. ဘာညာနဲ့.. စိတ်တွေတအားတိုနေပြီ..

တောင်ကြီး အင်းလေး ပင်းတယ ဓာတ်ပုံတွေရိုက်ချင်လွန်းလို့ Panorama ပါရတဲ့ ကင်မရာကို စိတ်ကြိုက်ရွေးပြီး အသစ်တောင်ဝယ်လာခဲ့တာ.. ကံကြမ္မာက ရက်စက်လွန်းတယ်နော်.. တမင်များ အကွက်ချစီစဉ်ထားပြီး ကသိကအောက် ဖြစ်အောင်လုပ်သလားထင်ရတယ်..

ထားပါတော့.. ဒီနေ့ မနက် ၆ နာရီလောက်တောင်ကြီးရောက်တယ်.. ရောက်ရောက်ချင်း အိမ်ပေါ်တက် အထုပ်တွေပစ်ထား.. မျက်နှာသစ်ပြီး စံပယ်ကိုပြေး.. လက်ဘက်ရည်ဆိုင်ထိုင်.. ခေါက်ဆွဲစား.. အိမ်ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက်ရောက်လာသော အယ်ရှားဘော်ဒါတွေနဲ့ လေပစ်.. နေ့လည် ထမင်းစား.. ထွက်လည်..
ပန်းခြံဘက်က ဘုရားကိုသွားတာ.. လူ ၄ ယောက်.. ဆိုင်ကယ် ၂ စီးနဲ့ပေါ့.. ဘုရားအထွက်ကျတော့ အဲ့လမ်းထိပ်မှာ မော်တော်ပီကယ်တွေ.. ဆိုင်ကယ်ဦးထုပ်တွေမပါသူတွေ ဖမ်း.. ဒဏ်တပ်နေလို့.. အဲ့ဘုရားထဲမှာ ပိတ်မိနေတာ အကြာကြီး.. သူတို့ပြန်သွားမှ ပြန်ထွက်လာရတယ်.. ဗိုက်ကဆာ.. အေးကလည်းအေး.. တောင်ကြီးမှာ အေးနေဆဲ.. ရောက်သွားတော့ အဲ့က အဒေါ်တွေ အစ်မတွေက ပူလို့တဲ့… ညီညီတို့က ချမ်းလို့အနွေးထည်ထပ်ဝတ်ထားတာ.. ၂ ကောင်သား ကုပ်ကုပ်လေးတွေချမ်းနေတာကို ကြည့်ပြီး ၀ိုင်းရယ်နေကြတယ်..

အခု ဒီကထွက်ရင် စူဠာမုနိဘုရားသွားမယ်.. ဒီတစ်ခါ ဆိုင်ကယ်ဦးထုပ်တွေ ယူလာပြီ.. ဟဲဟဲ

ဆုံနိုင်ခွင့်ကိုခံစားခြင်း07-02-2009 | 08:31:00 | 5 Comments

နှစ်ကိုယ်တူ ဝေးတဲ့အချစ်လေးများ..
မဖြေနိုင်အလွမ်းများ ငြိတွယ်ဆဲ
သိပ်မြတ်နိုးတဲ့ နှောင်ကြိုးလေးအတွက်
ဖြေသိမ့်စရာလည်း မတွေ့နိုင်
နွံအိပ်မက်ထဲ ကျွံနေဆဲပဲ
အကြင်နာစိတ်အတွက် မျက်ရည်ဝဲ
နွေကန္တာခရီး ဘယ်အထိဆက်ပြီး သွားရမှာလဲ
ကျွမ်းလုပြီအသည်း..

ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ပဲ
ဆန္ဒလေး သိမ်ငယ်..
တို့ဆုတောင်းလေးများ ဘယ်မှာပြည့်မလဲ
ရင်မောစွာ မင်းမေ့သွားမှာကိုစိုးတယ်..

အဲလက်စ်နဲ့ ထွန်းအိန္ဒြာဗိုလ်ဆိုထားတဲ့ သီချင်းလေးပါ.. နားထောင်ဖူးကြလားတော့ မသိဘူး.. ကြာပြီ.. နန်းညီတို့ ခပ်ငယ်ငယ်ကတည်းက နားထောင်ဖူးတာ.. သီချင်းရေးတဲ့သူကိုလည်း မသိဘူး.. အဲလက်စ်ကိုသိပ်မကြိုက်သလို ထွန်းအိန္ဒြာဗိုလ်အသံကိုလည်း မုန်းပါတယ်.. ဒါပေမယ့် ဒီသီချင်းလေးကိုတော့ ကြိုက်မိတယ်..

သိပ်ချစ်ကြတဲ့လူနှစ်ယောက် ဝေးနေကြရတဲ့အခါ.. တစ်ယောက်နဲ့တစ်ယောက် လွမ်းနေရတဲ့ ဝေဒနာကို တခြားဘယ်အရာကမှ အစားထိုးဖြေသိမ့်မပေးနိုင်ဘူးလေ.. ဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား ဘယ်သူပဲ အနားမှာရှိရှိ.. ဒါလေးကတော့ သူသိပ်ကြိုက်တာ.. ဒီနေရာလေးပေါ့ သူသွားချင်တယ်ပြောတာ.. ဒါမျိုးလုပ်ရင်တော့ သူကြိုက်ပါ့မလား.. ဒီကောင့်နေရာမှာ သူသာဆိုရင်.. အဲလိုပေါ့လေ.. ဘာလေးတွေးတွေး သူနဲ့ပဲအဆုံးသတ်သွားတတ်တာ..

ဒီသီချင်းမှာဆို “နွံအိပ်မက်ထဲ ကျွံနေဆဲပဲ” ဆိုတဲ့နေရာလေးကို အထူးပဲကြိုက်မိတယ်.. အိပ်မက်ကို နွံလို့ သူတင်စားထားတာက လှုပ်လေမြုပ်လေ.. ကြာလေနစ်လေဆိုတဲ့သဘောပဲ.. ဆိုတော့ကာ.. အိပ်မက်တွေ စိတ်ကူးတွေက သူ့ကိုပိုပြီး ကျွံစေတယ်.. မကောင်းဘူး ဆိုလိုတာလား.. တစ်ခါတလေမှာ အိပ်မက်တွေကြောင့် ပိုခံစားရစေတယ်.. ပိုပြီး နာကျင်ရစေတယ်.. မျှော်လင့်စိတ်ကူးထားပြီးမှ ဖြစ်မလာတဲ့လက်တွေ့ကြောင့် ငိုကြွေးကြရတယ်.. သူလျှောက်နေရတဲ့လမ်း.. သွားနေတဲ့ခရီးဟာ ပူလောင်လွန်းလို့ နွေကန္တာခရီးတဲ့.. အဲဒိနေရာမှာ အဲလက်စ်ရဲ့အသံကလည်း ကြေကြေကွဲကွဲ..

ထွန်းအိန္ဒြာဗိုလ်ရဲ့အပိုဒ်တွေကတော့ ရှင်းပါတယ်.. ရှင်းရှင်းလေးနဲ့ပဲ ရင်ကိုထိတယ်.. “ရင်မောစွာ အလွမ်းရက်ဆက်လို့မဆုံးအောင်ပဲ” လား.. “အလွမ်းရက်စက်လို့”လား.. ဘယ်တစ်ခုဖြစ်မလဲမသိပေမယ့်.. နှစ်ခုစလုံးကလှပါတယ်.. နေ့တိုင်းရက်တိုင်း အလွမ်းတွေဆက်နေတာ.. အဲသည့် အလွမ်းတွေက ရက်စက်လွန်းတာ.. သူ့ဆန္ဒတွေတောင် သိမ်ငယ်ရတဲ့အထိ.. “ဆန္ဒလေးသိမ်ငယ်”ဆိုတာလေးက ရှေ့က “နွံအိပ်မက်”ဆိုတာလေးကို ပြန်ပြီးလေးနက်သွားစေတယ်.. မ၀ံ့မရဲဖြစ်နေတာ.. လက်တွေ့ကမ္ဘာက ဆန္ဒတွေကို ဖိနှိပ်ထားတာ.. မဖြစ်နိုင်တဲ့ အိပ်မက်တွေနဲ့ ရူးသွပ်နာကျင်နေတာ..

ရင်မောစွာ မင်းမေ့သွားမှာကိုစိုးတယ်တဲ့.. စောင့်စားရလွန်းလို့ သိမ်ငယ်ရလွန်းလို့.. အိပ်မက်တွေက နွံတွေလိုပဲ လှုပ်လေမြုပ်လေဖြစ်စေလွန်းလို့ ရင်မောလွန်းပြီး မေ့ပစ်လိုက်မှာကို စိုးတယ်လို့ ပြောချင်တာထင်တယ်.. တစ်ခါတလေမှာ ကိုယ်ခံစားရတာတွေက မချိမဆန့်ဖြစ်လွန်းတော့ အချစ်ဆိုတာကြီးကို မလိုချင် မသိချင်တော့လောက်အောင် ဖြစ်တတ်တာ.. လူတိုင်းဖြစ်ဖူးကြမယ်ထင်ပါတယ်.. အဲဒိ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တာ သည်းခံနိုင်တာ.. နည်းတဲ့ စိတ်ဓာတ်အင်အား မဟုတ်ဘူးလေ.. သည်းခံနိုင်ကြသူများကို လေးစားပါတယ်.. အားလည်းကျမိတယ်..

ပြီးတော့ ရင်မောပါတယ်..