ကျမမှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်..

“ဒီသစ်ပင်ကို ကြည့်လေ သော်.. သူ ငယ်ငယ်လေးတုန်းက ရှင်မယ်တောင်မထင်ရဘူး.. အောက်ခြေကလည်း ကျောက်တုံး.. ရှေ့မှာကလည်း ချောက်.. မိုးရေလေတွေရဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အရာလည်း သူ့မှာ ဘာမှမရှိဘူး.. ဒါပေမယ့် သူရှင်သန်လာတာပဲ မဟုတ်လား.. သူကြီးလာတာပဲလေ.. ဘယ်သူ့ကိုမှ သူဂရုမစိုက်ခဲ့ဘူးလေ”
နေဝင်ခါနီးအချိန်တွင် လေတွေ ဟူးဟူးရားရားတိုက်နေသော တောင်စွန်းတစ်ခုပေါ်ရှိ သစ်ပင်အောက်မှာ ကျမတို့ ၂ ယောက် အတူထိုင်စကားပြောခဲ့ကြဖူးသည်.. ပတ်ဝန်းကျင်စကားသံများကြောင့် စိတ်အနှောင့်အယှက်ကြီးမားစွာ ဖြစ်နေရချိန်.. ကိုယ်ချစ်ခင်ရသော လူတစ်ယောက်ကို ထိခိုက်စေမိသဖြင့် နာကျည်းအားနာနေရချိန်.. ပြီးတော့ ကျမကိုယ်တိုင်၏ မတည်ငြိမ်သော အတွင်းစိတ်နှင့် အသိစိတ်တို့ အပြင်းအထန် ဆန့်ကျင်နေရပြီး စိတ်ပင်ပန်းနေချိန်တွင် ကျမအနားမှာ သူ့လို နွေးထွေးယုယတတ်သည့် သူငယ်ချင်းတစ်ယောက်ရှိနေသေးတာတော့ ကံကောင်းသွားသည်ထင်ပါသည်..
“ကဲ- ခုတော့ Continue reading »
ကိုကိုရေ..
“ညီမလေးက ကိုကို့ကိုတောင် မယုံဘူးဖြစ်နေတာကိုး” ဆိုတဲ့စကားကို ကြားရတော့ ဝမ်းနည်းမိတယ်.. မယုံတာမဟုတ်ရပါဘူးလေ.. စိတ်ဆင်းရဲစရာတချို့ကို ပြောမပြတတ်ပဲ သိမ်းထားတာမျိုး ခဏခဏကြုံနေရတော့ မပွင့်လင်းဘူး စွပ်စွဲမိတာပါ.. မညဉ်းချင်တော့ဘူးဆိုပေမယ့်လည်း အပူတွေကို ဝေမျှယူပေးနိုင်မယ့် ညီမလေးတစ်ယောက်ရှိတယ်ဆိုတာကိုများ အသိအမှတ်မပြုချင်တာလားလို့ တွေးမိတော့ ညဉ်းညူပြောဆိုနေတာကမှ ခံသာပါသေးတယ်.. ညီမလေးရှေ့မှာ ညဉ်းညူဖို့ ဝန်မလေးစေချင်ဘူး..
ကိုကိုရေ..
လေးလေးနက်နက်ခင်မင်တယ်ဆိုတာက တွေ့တိုင်းစကားပြော အတူပျော်ရွှင်ရယ်မောတာမျိုးထက်လည်း ပိုပါသေးတယ်.. ပျော်ရွှင်ရယ်မောဖို့ဆိုတာကလွယ်တယ်လေ.. အပျော်ဆိုတာက ကူးစက်လွယ်တယ်မဟုတ်လား.. လေးနက်ခင်မင်ခြင်းအဓိပ္ပါယ်ထဲမှာ ဘယ်လောက်ကြာကြာ လူချင်းမတွေ့နေလည်း စိတ်ချင်းနီးစပ်နေတာ.. လေးလံညစ်ညူးနေတဲ့စိတ်တွေကို ပေါ့ပါးရယ်မောအောင်လုပ်ပေးချင်တာ.. စိတ်ဆင်းရဲစရာရှိရင် မကွယ်မထောက်ဝေမျှပေးတာတွေကိုလည်း ပါနေဦးမယ်ထင်တယ်နော်.. ညီမလေးကို လေးနက်ခင်မင်ဖို့ မတွန့်ဆုတ်စေချင်ဘူး..
ကိုကိုရေ..
သွေးသားမတော်စပ်ပေမယ့် “ခင်ရာဆွေမျိုး”ဆိုတဲ့ စကားလိုပဲပေါ့.. ကိုယ့်အပေါ် နားလည်သူ.. သည်းခံသူ.. လိုက်လျောဆက်ဆံတတ်သူတွေက ကိုယ်နဲ့ဆွေမျိုးတမျှရင်းနှီးသွားတတ်ကြတယ်မဟုတ်လား.. သူတို့တွေဟာ အနေဝေးလို့ရော သွေးအေးစိမ်းကားသွားတတ်ကြသလား.. ပြန်တွေ့ဆုံတဲ့အခါတိုင်း အမြဲလိုရင်းနှီးနွေးထွေးနေမှာလား.. ဝေးနေချိန်မှာလည်း စိတ်ထဲမှာ သတိတရအမှတ်တရရှိနေမှသာ စိတ်ချင်းနီးတယ်ဆိုတာ ဖြစ်လာနိုင်မယ်ထင်တယ်နော်.. ညီမလေးနဲ့ ဝေးတဲ့အခါမှာ နွေးထွေးစိတ်တွေ အေးခဲမသွားစေချင်ပါဘူး..
ကိုကိုရေ..
ညီမကို ချစ်ခင်အလိုလိုက်နေတဲ့အခါ ကိုကို့ချစ်သူက မနာလိုဝန်တိုများဖြစ်လေမလား.. စိတ်ဆိုးစိတ်ကောက်နေတတ်လို့ ကိုကိုတစ်ယောက် ညီမနဲ့ချစ်သူကြား ဗျာများနေရမလားရယ်လို့ တွေးပူမိနေတော့ “ကိုကို့ချစ်သူဆိုတော့ ငါ့မမပေါ့”ရယ်လို့ တွေးတတ်နေပါပြီ.. ညီမဆီက မရနိုင်တဲ့ ကြည်နူးချမ်းမြေ့မှုတွေ.. ရင်ခုန်ပျော်ရွှင်မှုတွေကို ချစ်သူကပေးနိုင်ပြီး ချစ်သူဆီကရဖို့မသေချာတတ်တဲ့ နားလည်ဝေမျှမှုတွေကို ညီမလေးကပေးဖို့ရှိတယ်ဆိုတာ ကိုကို မမေ့စေချင်ဘူး..
ကိုကိုရေ..
မောင်နှမတွေကြားက စိတ်သဘောထားကို မောင်နှမတွေကပဲ ကိုယ်ချင်းစာတတ်လိမ့်မယ်ထင်တယ်နော်.. ဘယ်သူတွေဘယ်လိုပြောပြော ညီမလေးကတော့ ကိုကိုနဲ့အတူ ဝေမျှချင်တယ်.. ကိုကိုနဲ့ လေးနက်ခင်မင်ချင်တယ်.. ကိုကိုက ရင်းနှီးနွေးထွေးတာကိုလိုချင်တယ်.. ကိုကို့ကို နားလည်စာနာပေးချင်တယ်.. အမြဲထာဝရ လိမ္မာသော နှစ်လိုဖွယ်ကောင်းသော ညီမလေးတစ်ယောက် ဖြစ်ချင်နေပါတယ်..
အယ်ရှားပုံကို ကလိထားတာပါ.. ပျင်းလွန်းလို့ ဘာမှမရေးနိုင်လွန်းလို့ သူ့ပုံလေးပဲ တင်လိုက်တယ်.. ပြတင်းပေါက်မှာ အတင်းရပ်ခိုင်းပြီး ရိုက်ထားရတဲ့ပုံ ..

Gtalk ကို ကျွန်မဖွင့်လိုက်တိုင်း အနီရောင်သင်္ကေတလေးဖြင့် သူ့ကိုမြင်နေကျဖြစ်သည်..တစ်ခါတရံ လိမ္မော်ရောင်လေး ဖြစ်နေတတ်သဖြင့် “မောနင်း”လို့ ကျွန်မက လှမ်းနှုတ်ဆက်ရ၏.. ခဏကြာမှ အရောင်လေး ဖျတ်ကနဲ ပြောင်းသွားကာ သူ့ရဲ့ပြန်နှုတ်ဆက်နေကျစကားလေးပေါ်လာတတ်ပါသည်.. “မောနင်းဗျာ.. ခြေနေ?” .. ဒါက သူနဲ့ကျွန်မရဲ့ အမြဲစတင် နှုတ်ဆက်နေကျစကားများ.. အဲသည့်စာတန်းလေး ပေါ်လာကာ အဲသည့် အရောင်လေး ပြောင်းသွားဖို့ကို စောင့်ကြည့်ရသည်က ကျွန်မအတွက်ပျော်စရာတစ်ခုဖြစ်သည်..
တစ်ခါတလေ ပိတ်ရက်မှာ ကျွန်မှာ Online တက်မိ၍ သူ့ကို မီးခိုးရောင် Offline အနေဖြင့်မြင်ရလျှင် တစ်ခုခု လိုနေသလို လစ်ဟာနေတတ်ပါသည်.. သူနှင့် စကားအမျှင်မပြတ် ပြောနေသည်ဖြစ်စေ.. အလုပ်များသဖြင့် ပြတ်တောင်းပြတ်တောင်းပဲ ပြောဖြစ်သည်ဖြစ်စေ.. စကားလုံးဝမပြောဖြစ်ပဲ လိမ္မော်ရောင် သင်္ကေတလေးနဲ့ပဲ မြင်ရသည်ဖြစ်စေ.. သူရှိနေသည်ဟူသည့်အသိက ကျွန်မကို နွေးထွေးစေ၏.. ကျွန်မတို့နှစ်ယောက် မိုင်ပေါင်း များစွာဝေးကွာနေပေမယ့် သူက ကျွန်မအနားမှာရှိနေသလို.. အဲသည့်ခံစားမှုကိုပေးပါသည်.. တစ်ရက်ကလေး တစ်ခဏကလေး သူပျောက်ကွယ်နေတာတောင် ကျွန်မ နေလို့မတတ်ခဲ့တာ.. အကယ်၍သာ သူထာဝရ ပျောက်ကွယ်သွားမည်ဆိုလျှင် ကျွန်မ ဘယ်လိုများ ကျန်ခဲ့မှာပါလိမ့်.. သူဟာ ကျွန်မကို ထားခဲ့ပြီး ဗြုန်းကနဲ ပျောက်ကွယ်သွားမှာလို့ ကျွန်မ အမြဲစိုးရိမ်ထိတ်လန့်နေပါသည်.. “ကျွန်တော် မရှိတော့ရင် ခင်ဗျားသိပ်ခံစားမနေနဲ့” လို့ သူကတော့ မှာဖူးပါရဲ့.. ဒါပေမယ့်ကွယ် မခံစားဘဲ နေနိုင်မယ်လို့ ကျွန်မတော့ မထင်ပါဘူး..
သူက အွန်လိုင်းသူငယ်ချင်း သိပ်မရှိပါ.. အပြင်မှာခင်မင်သူများကိုသာ Gtalk စကားလုံးများမှ တဆင့် စကားပြောသည်ဟု ဆိုပါသည်.. ဒါဖြင့် ကျွန်မက ကံထူးတာပေါ့နော်.. ဘာလို့လဲဆိုတော့ ကျွန်မနဲ့သူ အပြင်မှာ မတွေ့ဖူးကြ.. ကျွန်မ ဘလော့က စာများကို သူလာဖတ်ရင်းမှ ကျွန်မတို့ ခင်မင်ခဲ့ကြပြီး အံ့သြဖို့ ကောင်းသည်က သူက ဘလော့ဂါလည်း မဟုတ်ပြန်ပါ.. ကျွန်မရဲ့ အမှားတစ်ခုကို သူထောက်ပေးရာမှစလို့ သူ့နာမည်စာလုံး အတိုကောက်ကလေးကို ကျွန်မစတင်ရင်းနှီးခွင့်ရခဲ့သည်.. ကျွန်မရဲ့ Post များမှာ သူ့မှတ်ချက်ကလေးတွေ များများလာသည်နှင့်အမျှ သူ့ကိုလည်း ကျွန်မစိတ်ဝင်စား ရင်းနှီးနေခဲ့တာ.. ဘယ်လောက်တောင်လည်းဆို သူ့နာမည်အတိုကောက်နဲ့အတူ ထားခဲ့သည် link က “ကြယ်တွေ”ဟု ရောင်စုံအလုံးကလေးတွေ တရွေ့ရွေ့လှုပ်ရှားနေသည်ကလွဲလို့ တခြားဘာမှမရှိသည့် web page တစ်ခု.. သို့သော် အဲဒိ ကြယ်တွေကိုပဲ ကျွန်မ သွားသွားငေးမောနေမိသည်က စိတ်ဝင်စားဖို့မကောင်းဘူးလား.. သူနဲ့တစ်ခါမှ ချက်တင်စကား မပြောဖူးခင် သူ့နာမည်တောင် မသိခင်ကတည်းက သူ့ဖန်တီးမှုလေးကို စွဲလမ်းနေမိတာ.. သူ့ရဲ့ကြယ်များက ကျွန်မကို ညှို့ငင်လွန်းပါသည်..
နောက်တော့ သူ့ရဲ့ဖိတ်ခေါ်ချက်အရ သူနဲ့ကျွန်မ Gtalk မှာတွေ့ကြပါသည်.. တွေ့တွေ့ချင်းမှာပဲ ကျွန်မတို့ စိတ်ချင်းတူညီနားလည်စွာ စကားပြောဖြစ်ကြသည်.. (ကျွန်မဘက်က တစ်ဖက်သတ်ထင်တာလည်း ဖြစ်နိုင်ပါသည်).. ကျွန်မတို့ တစ်ယောက်အကြောင်း တစ်ယောက် စပ်မိစပ်ရာတွေပြောကြသည်.. သူက မြန်မာပြည်မဟုတ်သော နိုင်ငံတစ်ခုမှ ဒီဇိုင်နာဖြစ်သည်.. သူ့ဘက်က အလုပ်များနေသဖြင့် စကားပြန်တာ နှေးနေလျှင် “အလုပ်များနေလား .. ဒါဖြင့်လည်း လုပ်လုပ်” လို့ ပြောတတ်ပြီး.. သူကလည်း သူလုပ်နေတဲ့ အလုပ်ဘာလဲဆိုတာ ပြန်ဖြေပေးတတ်သည်.. အဲဒိနောက် အဲဒါအကြောင်းဆက်ပြောရင်း ကျွန်မတို့စကားဝိုင်းက ရှည်လျားပြန်ပါသည်.. ကျွန်မက အလုပ်များနေလို့ စကားပြန်မပြောနိုင်ရင်တော့.. “ဟေ့လူ တိတ်လှချည်လား” လို့ သူပြောတတ်၏.. တစ်ခါတော့ ကျွန်မဘက်မှ လုံးဝစကားပြန်မလာသဖြင့် သူညည်းဖူးသည်.. “ကျနော့်ကို စကားလဲမပြောကြဘူးဗျာ လူတွေ.. .. ပစ်ထားကြတယ်” တဲ့.. အဲဒိနောက်ပိုင်းကစလို့ အလုပ်များရင်တောင် အလုပ်များတဲ့အကြောင်း ကျွန်မ ပြန်ပြန် ပြောပြဖြစ်ပါသည်.. ကျွန်မတို့ စကားပြောပုံက အစီအစဉ် ကျနမှု လုံးဝမရှိပါ.. စိတ်ထဲပေါ်ရာ တွေးမိတွေးရာတွေကို အစပ်အဆက်မရှိ ပြောတတ်ကြသည်.. ကဗျာတွေ ပုံတွေအကြောင်းပြောကြသည်.. ပိုဆိုးတာက သူစကားပြောပုံမှာ ဗန်းစကားတွေ လျှို့ဝှက်စကားတွေ ကဗျာထဲ စာထဲက စကားတွေ အများကြီးထည့်ထည့်ပြောပုံမျိုး.. ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မတို့ စကား ပြောနေတာတွေကို ဘေးကလာဖတ်ပြီး “ဘာတွေပြောနေမှန်းကိုမသိဘူး”ဟု နှာခေါင်းရှုံ့ သွားဖူးပါသည်.. ကျွန်မ ရယ်မောနေခဲ့မိ၏..
သူက လူ့ဘောင်ပတ်ဝန်းကျင်မှ မကောင်းဘူးဟု သတ်မှတ်ထားသည့် အပြုအမူ အလေ့အကျင့် တော်တော် များများကိုလည်း စွဲလမ်းသူဖြစ်သေးသည်.. ကျွန်မ သူ့ကို မတားပါ.. မထိန်းကွပ်ပါ.. တစ်ခါကတော့ “နည်းနည်းလျှော့ဖို့ကြိုးစားပါဦး” ဟု ပြောကြည့်ဖူးသည်.. သူက “ဘာအတွက်လဲ” လို့ ပြန်မေးတော့ ကျွန်မ၀မ်းနည်းသွားပါသည်.. အဲဒီ့နောက်ပိုင်းတော့ သိပ်မလွန်စေအောင် ပြောရုံကလွဲလို့ တားမြစ်စကား မပြောဖြစ်ပါ.. သူဘာကြောင့် အဲဒါတွေစွဲလမ်းနေလဲဆိုတာ ကောင်းကောင်းသိနေသူမို့လည်း ရင်နာရုံ ရင်မောရုံကလွဲလို့ ကျွန်မသူ့ကိုတော့ဖြင့် မတားရက်နိုင်ခဲ့.. ပြီးတော့ တားရအောင်ကလည်း ကျွန်မက သူ့ချစ်သူမှ မဟုတ်ဘဲနော်.. ချစ်သူတွေလားလို့ မေးရင် မဟုတ်ဘူးဟု ဖြေရလွယ်သလောက်.. ဒါဖြင့် မချစ်ကြဘူးလားလို့ မေးရင်တော့ အင်မတန်ဖြေရခက်မှာပါပဲ.. သူက ကျွန်မချစ်သူမဟုတ်ပါ.. သူငယ်ချင်းလည်း မဟုတ်ပါ.. အသိမိတ်ဆွေ..မောင်နှမ.. အဲဒါတွေလည်း တစ်ခုမှမဟုတ်ပါ.. သူက “သူ” ဖြစ်သည်.. ကျွန်မအတွက်တော့ အဲဒါကတင် အဓိပ္ပါယ်ပြည့်စုံနေပါပြီ.. ကျွန်မအတွက် နောက်ထပ်အစားထိုးလို့မရနိုင်တော့မည့် သူ.. သူ့ကိုချစ်လားလို့ မေးရင်တော့ ကျွန်မအတွက်အဖြေကလွယ်ပါသည်.. ဟုတ်ကဲ့ ဟု ခေါင်းညိတ်ရုံပါပဲ..
သူကျွန်မထက် အသက်အတော်လေးကြီးပါသည်.. သို့သော် ကျွန်မက သူ့နာမည်အလယ်တစ်လုံးကိုသာ အဖျားဆွတ်လျက်ခေါ်တာ သူနှစ်ခြိုက်မယ်လို့ ကျွန်မတော့ ထင်တာပဲ.. ကျွန်မက စကားပြောရင် ကိုယ့်ကိုကိုယ်နာမ်စားအဖြစ် ကျွန်မနာမည် ၂ လုံးအနက်အနောက်တစ်လုံးကိုသာ အသုံးပြုပေမယ့် သူကတော့ အရှေ့အလုံးကို နှစ်သက်သည်ဟု ဆိုပါသည်.. သို့သော်မခေါ်ပါ.. “ဟေ့လူ” ဟုသာ သူကျွန်မကို ခေါ်လေ့ရှိ ပါသည်.. “ကျွန်တော်” “ခင်ဗျား” နာမ်စားကိုသာ သူအသုံးပြုပါသည်.. “ကျွန်တော်”ဟု ဘယ်တော့မှ သူစာလုံးမပေါင်းဘဲ “ကျနော်”ဟုသာ ပေါင်းတတ်၏.. “ခင်ဗျား”ဟူသည့် နာမ်စားကို ကိုယ့်ထက်ကြီးသူ တစ်ယောက်က သုံးနှုန်းတာ မခံဖူးသူ ကျွန်မအဖို့ သူက ဆန်းနေခဲ့ပါသည်.. “ယောက်ဖ”လို့လည်း တစ်ခါတလေ သူခေါ်တတ်၏.. ယောက်ဖ တော်လို့ရလို့လားဟု သူ့ကိုမေးတော့ “ကျွန်တော်ချစ်တဲ့သူမှန်သမျှ ယောက်ဖပဲ” ဟု ပေကပ်ကပ်ဖြေပါသည်.. မကြာခဏ ဆိုသလို “ဒီမှာဟေ့လူ ခင်ဗျားအတွက်” ဟု ပြောကာ သူစုထားသော စာအုပ်များ .. ကျွန်မကို ဖတ်စေချင်သည်များ.. ကဗျာတွေ.. သူကြိုက်သော သို့မဟုတ် သူဖန်တီးထားသော ဒီဇိုင်းပုံတွေ.. အဲဒါတွေရဲ့ Link ကိုပေးတတ်သည်.. ကျွန်မကလည်း သူပေးတာတွေ အင်တာနက်ပေါ်မှဆွဲချသိမ်းယူကာ အိမ်က ကျွန်မကွန်ပျူတာထဲမှာ သိမ်းထားလိုက်သည်ချည်းပင်.. တစ်ချို့စာအုပ်တွေ ကျွန်မ ခုထိပြီးအောင် မဖတ်ရသေးပါ.. သီချင်းတွေ တစ်ချို့ ကျွန်မ မကြိုက်ပါ.. အင်္ဂလိပ်စာသားပါသော အဓိပ္ပါယ် ဖော်ရခက်သည့် ပုံတစ်ချို့ခုထိ ကျွန်မ မကြည့်တတ်သေး.. သူကြိုက်သော Language Poem တစ်ချို့ ခုထိ ကျွန်မ သဘောမပေါက်တတ်သေးပါ.. ဒါပေမယ့် အားလုံးကိုတော့ သူ့နာမည်လေးဖြင့် သူပေးထားတာတွေဟု Folder လေးတစ်ခုလုပ်ကာ စုသိမ်းထားပါသည်..
ကျွန်မဖတ်ဖို့ နေမျိုး၏ကဗျာများကို စုကာ E-Book ကလေး သူလုပ်ပေးပါသည်.. dedication က ကျွန်မ ကြီးလာရင် ဖတ်ဖို့တဲ့.. မာတိကာရဲ့အရှေ့က စာမျက်နှာလေးတွင် ကျွန်မတို့ ဂျီတော့ထဲမှာ နေမျိုးအကြောင်း အပြန်အလှန်ပြောထားတဲ့ စကားလေးငါးခွန်းကို ပြန်ထည့်ပေးထားသေးသည်.. နေမျိုးကဗျာတွေကို နားလည်ခံစားတတ်ဖို့ ပင်ပန်းကြီးစွာကြိုးစားရလေ့ရှိသောကျွန်မ.. ထိုစာအုပ်ကိုဖတ်တာ အဲသည့်စာမျက်နှာ ၂ ကနေ မတက်ဘူးလို့ပြောရင် သူရယ်များနေမလား..
ကျွန်မအတွက် သူစာအုပ်တွေစုထားပေးတဲ့ Website Link မှာ xxx.xxxxx.net/4N/ ဟုဖြစ်ပါသည်.. အနောက်က စာလုံး 4N ဆိုတာ For Nyi ဒါမှမဟုတ် For Nang လို့ဆိုလိုတာလားလို့ ကျွန်မက မေးတော့.. သူက ဟားဟား ဟုရယ်၏.. “ခင်ဗျားလဲ လျှော့တွက်မရတဲ့ထဲပါတယ်” တဲ့.. ဟုတ်တယ်လို့ သေချာသွားသော စိတ်ဖြင့် ကျွန်မ လှိုက်ကနဲပျော်သွားတဲ့အချိန်.. အဲဒိစကားလုံးတွေကို သူ့လက်ချောင်းကလေးတွေနဲ့ ရိုက်နေချိန်မှာ.. သူရော ပြုံးနေခဲ့ပါသလား.. ကျွန်မသိချင်လှပါသည်..
“လိမ္မာလိုက်တဲ့ကလေး” ဟု သူကကျွန်မကို ပြောဖူးသည်.. “ကျွန်တော် ရုတ်တရက်သေသွားရင်လား.. ခင်ဗျားဆီလာခဲ့မယ်လေ”ဟု သူကပြောတော့ “ကတိလား”ဟု ကျွန်မက ပြန်မေးမိသေး၏.. ကျွန်မ သူရှိရာ နိုင်ငံကို ရောက်ဖြစ်ခဲ့ရင် အတူတူလျှောက်လည်ကြဖို့တိုင်ပင်ဖြစ်တော့ ကျွန်မသူ့အနားမရောက်ခင် သူ့ကို တကယ့်အပြင်မှာ မမြင်ဖူးလိုက်ခင် သူသေသွားနိုင်တယ်လို့ တွေးနေမိကြောင်းတော့ မပြောပြဖြစ်ပါ.. “ကျွန်တော်သေသွားရင် မိတ်ဆွေတစ်ယောက်အကြောင်းဆိုပြီး ကဗျာရေးပေါ့”လို့ သူက တိုက်တွန်းသေးသည်.. အဲသည့်အချိန်မှာ ကဗျာရေးနိုင်ဖို့လောက်ထိ ကျွန်မစိတ်တွေ တည်ငြိမ်နေပါ့မလား.. ကျွန်မ မသေချာ..
သူက ကြယ်တွေကို အင်မတန်ရူးသွပ်သူလည်းဖြစ်သည်.. ကြယ်တွေပါတဲ့ ဖိနပ်ဝယ်စီးမယ်ဗျာလို့ ခဏခဏ သူပြောဖူး၏.. ကျွန်မက ကျွန်မနဲ့အရောင်ဆင်တူ ဖြစ်စေချင်စိတ်ဖြင့် အနီရောင်ကို ၀ယ်ဖို့ အမြဲတိုက်တွန်းတတ် ပါသည်.. သို့သော် သူကတော့ အနက်က သူ့ရဲ့အရောင်ဖြစ်သည်တဲ့..
“အနီလေးဝယ်နော်”
“အနက်ပါ”
“အနီ”
“အနက်”
“အနီဆို”
“ကျနော်နဲ့တော့ သိပ်လိုက်နေတော့မှာပဲ”
“လိုက်လိုက် မလိုက်လိုက် အနီပဲ မရဘူး”
“ကဲ ကဲ အနီတစ်ဖက် အနက်တစ်ဖက်.. ဟုတ်ပလား”
ဟားဟား.. All Stars ဖိနပ်ကို အနီတစ်ဖက် အနက်တစ်ဖက်စီးပြီး ရုံးတက်မယ့် သူ့ရဲ့ပုံစံကို မြင်ယောင်ကြည့်ကြစမ်းပါကွယ်.. ဘယ်လောက်များ ရယ်စရာကောင်းလိုက်မလဲလို့.. ကျွန်မတို့ အဲသည့်လိုလည်း ကလေးဆန်စွာ ရယ်မောခဲ့ကြဖူးပါသည်..
“ကျနော်တို့ နှစ်ယောက်ကြားမှာ အသံတွေရှိတယ်ဗျ”.. ကျွန်မကတော့ဖြင့် ကျွန်မတို့ကြားကအသံတွေကို သူဖုန်းမဆက်ခင်ညအထိ ရှာဖွေလို့မတွေ့နိုင်ခဲ့ပါ.. သူ့ဖုန်းကလေး ပေါင်ထားရာမှ ပြန်ရပြီဟု သူပြောစဉ်က သာမန်သာဝမ်းသာခဲ့သော ကျွန်မသည် “ဖုန်းနံပါတ်ပေးထားလေ ဆက်မယ်” လို့ ပြောလာတော့မှ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်.. အဲသည့်ညက နယူးရီးယားညဖြစ်ပါသည်.. မြန်မာစံတော်ချိန် ၉ နာရီခန့် မှာတစ်ကြိမ်.. ၁၂ နာရီအတိမှာ တစ်ကြိမ် သူဖုန်းဆက်ခဲ့သည်.. သူ့အသံမှာ ချိုချိုဝဲ၀ဲ ခပ်မြန်မြန်..မြန်လွန်းသဖြင့် တစ်ချို့စကားများကို စပ်ဆက်မှုဖြင့်သာ ကျွန်မနားလည်လိုက်ရသည်.. နောက်ရက်များမှာလည်း သူအဆင်ပြေရင် ပြေသလို ကျွန်မကို ဖုန်းခေါ်တတ်၏.. “ဟေ့လူ ဘာလုပ်နေလဲ”.. ဒါက ဖုန်းထဲမှာ သူအမြဲ စတင်ပြောနေကျစကား.. လခထုတ်လာပြီ.. ဘောင်းဘီဘာအရောင် ၀ယ်လိုက်ရမလဲ ဆိုတာတွေ.. အရက်တစ်ပုလင်းတော့ ကုန်ပြီ နောက်တစ်ပုလင်း ဆက်သောက်ရမလားဆိုတာမျိုးတွေ.. သူမေးတတ်သည်.. ကျွန်မကလည်း သူ့လေသံအနှေးအမြန်ကို နားထောင်ကြည့်ကာ ထပ်သောက်သင့် မသောက်သင့် ရမ်းသမ်း အကြံပြုတတ်ပြန်သည်.. ကျွန်မတို့က ပျော်စရာကောင်းသည်ထင်ပါသည်..
သူ့အကြောင်းရေးနေကြောင်း သူ့ကိုကျွန်မပြောပြတော့.. “ပြီးရင်ပေးဖတ်” တဲ့.. အမှန်တော့ သူသေသွား တဲ့အချိန်မှာ ကျွန်မ ဘာစာမှ ရေးနိုင်မှာမဟုတ်လို့ ခုကတည်းက ကြိုရေးထားတာဖြစ်သည်.. အဲဒါကိုလည်း သူ့ကိုပြောပြခဲ့ပါသည်.. သေသွားမှ ဘလော့ပေါ်တင်ဖို့ ရေးတာဆိုတော့ ဖတ်လို့မရနိုင်တော့ဘူးပေါ့ လို့ ကျွန်မပြောတော့.. “အတင်းတွေပါလို့ ပေးမဖတ်ချင်လည်း ရပါတယ်ဗျာ”တဲ့.. ကျွန်မ ရယ်မိပြန်ပါသည်.. သူသေသွားရင် ကျွန်မအနားက ကျွန်မပိုင်တဲ့လူတစ်ယောက် ဆုံးရှုံးသွားတော့မှာပဲလို့ ခံစားနေရသည်.. သူ့ကို ကျွန်မပိုင်သည်ဟု ဘာကြောင့်တွေးမိနေသလဲတော့ မသိပါ.. ကျွန်မချစ်သူကို ကျွန်မအမေကို သူ့အကြောင်းတွေ ပြောပြဖြစ်သည်.. တစ်ချို့ပေါ့လေ.. ကျွန်မမှာ အဲသည်လောက်စွဲလမ်းတွယ်တာရမည့် သူငယ်ချင်း တစ်ယောက်ရှိလာတာ ၀မ်းသာပါတယ်လို့ ကျွန်မချစ်သူက မှတ်ချက်ချပါသည်.. (နည်းနည်းငေါ့တော့တော့ လေသံတောင် ပါနေသလားမသိ).. “ဂျီတော့ချက်တာရယ် ဖုန်းခဏလေးတွေပြောတာရယ်နဲ့တင် ငါ့သမီးက ဒီလောက်ခင်တယ်ဆိုတော့ ဘယ်လိုလူလဲ သိချင်ပါ့”.. ဒါက အမေပြောတဲ့စကား..
သူကမေးဖူးသည်.. “ကျနော်တို့ တွေ့ပုံဆန်းသလား”.. အဲသည့်တုန်းကတော့ ကျွန်မရှည်ရှည်ဝေးဝေးတွေ လျှောက်ဖြေခဲ့သေးသည်.. အမှန်တော့ “သိပ်ဆန်းတာပေါ့”လို့ ဖြေလိုက်ရမှာ.. တွေ့ပုံဆန်းတဲ့အပြင်.. အဲသည့်လောက် တွယ်တာသွားရတာက ပိုပြီးဆန်းနေပါသည်.. တစ်ခါတလေတော့လည်း ကျွန်မ သိပ်စိတ်ကူး ယဉ်လွန်းနေတာများလားလို့ တွေးမိပါသည်.. ဘာကြောင့်လဲဆို သူက လူတွေကို သိပ်မချစ်ခင် မတွယ်တာဘူးဟု ကျွန်မထင်၏.. လူတွေတင်မှမဟုတ် သူ့ဘ၀သူရော ချစ်ခင်တွယ်တာပါရဲ့လား.. ကျွန်မ မြင်ရသလောက် ကျွန်မသူ့ကို နားလည်သလောက်ပြောရလျှင်တော့ သူသည် အတိတ်တွေ အနာဂတ်တွေကို သိပ်ပြီးတွေးတတ်သူ မဟုတ်.. လက်ရှိအချိန်လေးမှာပဲ သူစိတ်ချမ်းသလို ပျော်သလိုနေသည်.. လက်ရှိစိတ်ချမ်းသာဖို့ စိတ်ကျေနပ်ဖို့ ပျော်မယ်ထင်တာ သူဘာမဆိုလုပ်သည်.. ဘ၀မှာ ရှင်သန်နေထိုင် နေရတာကို တပ်မက်တွယ်တာပုံလည်းမရ.. သေသွားမည်ဆိုလျှင်လည်း ၀မ်းနည်းမည့်ပုံမပေါ်ပါ.. အဖြေကိုစဉ်းစားမိတော့ သူ့မှာ ကမ္ဘာမြေနဲ့ လူ့ဘ၀နဲ့ တွယ်ဆက်ထားစရာ ကြိုးမရှိလို့ဖြစ်ရမည်ဟု ကောက်ချက်ချမိပါသည်.. သူ့မှာ “ငါ ဒါအတွက်အသက်ရှင်ရမယ်” .. ဒါမှမဟုတ် “ငါ သူ့အတွက် အသက်ရှင်နေမှဖြစ်မယ်” ဆိုတာမျိုးမရှိ.. ပတ်ဝန်းကျင်အတိုင်း သူစိတ်သက်သာ သလို အလိုက်အထိုက်နေထိုင်ချင်ပုံရပါသည်.. ဒါက ကျွန်မ ခံစားမိတာကို ပြောတာဖြစ်သဖြင့် လွဲချင်လည်း လွဲနေနိုင်ပါသည်.. သို့သော် အကယ်၍ ထိုအတိုင်း ဟုတ်ခဲ့ပါက ကျွန်မ ဘ၀င်မကျနိုင်ပါ.. ကျွန်မက သူ့ကို ဘ၀အဓိပ္ပါယ်ဆိုတာ ရှိစေချင်သည်.. ရှင်သန်နေထိုင်ရမည့် အကြောင်းရင်းတစ်ခု ရစေချင်သည်.. ဖြစ်နိုင်မည်ဆိုလျှင် သူနဲ့ကမ္ဘာကို ချိတ်ဆက်ပေးနိုင်မည့် ကြိုးလေးတစ်ကြိုးအဖြစ် ကျွန်မရပ်တည်ချင်ပါသည်.. ကျွန်မ မဟုတ်ခဲ့လျှင်တောင် ကြိုးလေးတစ်ကြိုးကို ရှာဖွေပေးခဲ့သူအဖြစ် သူ့ဘ၀မှာ ကျွန်မအရေးပါချင်ခဲ့မိ၏.. (ကြိုးတွေကို မုန်းတတ်သူ ကျွန်မက သူ့အတွက် ကြိုးတစ်ချောင်းဖြစ်ချင်နေခြင်းမှာ အနည်းငယ်တော့ ရယ်စရာကောင်းနေလိမ့်မည် ထင်ပါသည်)
ကျွန်မ သူ့အကြောင်းကို ရေးတာ.. ဘယ်လောက်ကြာမှာလဲ.. ပြီးတော့ ဘယ်လောက်ထိ ရှည်မှာလဲ.. ကျွန်မ မသိ.. ဒါပေမယ့် ရေးရင်းရေးရင်း ဆုံးဖြတ်ချက်တော့ ပြောင်းသွားပါသည်.. သူသေမှ ဒီပို့စ်ကိုမတင်ဘဲ.. သူ့မွေးနေ့မှာ တင်မယ်ဆိုရင်ရော.. တစ်နေ့နည်းနည်း နည်းနည်းဖြင့် စာပိုဒ်လေးတွေ တစ်ပိုဒ်ပြီးတစ်ပိုဒ်တိုးကာ ရေးတိုင်း သူသေတဲ့အခါ အမှတ်တရဖြစ်ဖို့ရေးနေတာဟူသော အသိက ကျွန်မကို နှိပ်စက်ပါသည်.. ဒါကြောင့် ကျွန်မဆုံးဖြတ်လိုက်သည်.. သူ့မွေးနေ့လက်ဆောင် အဖြစ်.. သူ့မွေးနေ့အမှတ်တရအဖြစ် သူ့အကြောင်းကို ကျွန်မရေးပါသည်.. သူသေမည်ဟူသော အတွေးကြီးကို ဖျောက်ပစ်တတ်အောင်လည်း ကျွန်မ ကြိုးစားနေ ပါသည်..
ဘယ်လိုပဲဖြစ်ဖြစ်လေ..
လောလောဆည်တော့ သူ ကျွန်မနဲ့ရှိနေသေးသည်.. ကျွန်မက သူ့အကြောင်းရေးနေသည်… ကျွန်မပျော်ရွှင်နေပါသည်..
ဂျူးရဲ့ ၀တ္တုတို တစ်ပုဒ်ကို ဖိုရမ်တွေလျှောက်ကြည့်ရင်း တွေ့လို့ ဖတ်ဖြစ်တယ်.. နာမည်က ပထမဆုံးနေ့လား မသိ.. ဖိုးခွားဆိုတဲ့ ကောင်လေးက HIV ပိုးရှိနေလို့ သူ့သူငယ်ချင်းကောင်မလေးက နှစ်သိမ့်ပေးတယ် ဆိုတဲ့ အကြောင်းလေးပါ.. ဘာမှလည်းမဟုတ်ပဲနဲ့ ချစ်စရာကောင်းတယ်.. အဲဒါနဲ့ပဲ နန်းညီသူငယ်ချင်းကို သတိရသွားရော..
နန်းညီမှာလည်း အရမ်းချစ်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်.. လေးဖြူတို့ အငဲတို့အမျိုးလေ.. အင်းသားလေး.. နန်းညီကတော့ သူ့ကိုအယ်ရှားလို့ခေါ်တယ်.. သူက နန်းညီကို မယ်ညီတဲ့.. (အင်းလေးစကားအရ အယ်ဆိုတာ မောင်လို့ဆိုလိုပြီး မယ်ဆိုတာ မလို့ အဓိပ္ပါယ်ရတယ်လေ).. သူနဲ့နန်းညီက ကျောင်းတူတူ.. ပန်းချီမေဂျာချင်းတူ.. ၀ါသနာရော.. စိတ်ရော.. အကြိုက်ချင်းတွေရော တူတယ်.. စကားပြောရင်လည်း စိတ်ဝင်စားတာချင်းတူတယ်.. တစ်ခုခုကို ကြည့်ပြီး ဝေဖန်ရင် ဆုံးဖြတ်ရင်.. အတွေးအမြင်ချင်းလည်း တူတယ်.. ကာတွန်းရုပ်ရှင် (animation)ကို ရူးနေတာချင်းလည်းတူတယ်.. ပြောရရင် အားလုံးနီးပါးတူတယ်ပေါ့.. ဒီကြားထဲ ရှမ်းလွယ်အိတ်ဆင်တူလွယ်.. ဆံပင်ပုံစံ ဆင်တူပါထားလိုက်သေးတယ်.. အမြဲ တတွဲတွဲ သွားလာ နေတတ်လွန်းလို့ “အမြွှာတွေလား”လို့ အမြဲမေးခံရတာပေါ့.. နန်းညီဆိုတာနဲ့ သူ့အိမ်က ချစ်ပြီးသား.. အယ်ရှားမို့ဆိုရင်လည်း နန်းညီအိမ်က သား သား နဲ့.. ကျောင်းတက်နေတဲ့တစ်လျှောက်လုံး နန်းညီအိမ်ဟာ သူ့အတွက်စားအိမ်သောက်အိမ်ပေါ့.. နန်းညီကလည်း သူ့အိမ်ကိုဖုန်းလှမ်းလှမ်းဆက်ပြီး ဘာလေးလူကြုံပို့ပါဦး.. ညာလေးလူကြုံပို့ပါဦးနဲ့ မှာရတာအမော.. သူရယ် နန်းညီရယ် နောက်.. မိလှိုင် ဆိုတဲ့ကောင်လေးတစ်ယောက်ရယ်က အမြဲအတွဲတွေပဲ.. (နောက်မှ မိလှိုင်အကြောင်းရေးဦးမယ်.. အဲ့ကောင်က ငပေါ).. နန်းညီနဲ့ အယ်ရှားနဲ့ကြားမှာမပြောဖြစ်တဲ့စကားဆိုတာ မရှိသလောက်ပဲ.. အကြောင်းအရာပေါင်းစုံကို အပွင့်လင်းဆုံးတွေ ပြောခဲ့ဖူးတယ်.. တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အကာအရံဆိုတာ မရှိဘူးပြောမယ်ဆို ရတယ်..
တစ်ခါတော့ သူနဲ့ အကြီးအကျယ်ပြဿနာဖြစ်ခဲ့သေးတယ်.. သူသဘောကျ နေတဲ့ကောင်မလေးနဲ့ ပတ်သက်ပြီးလေ.. ကောင်မလေးက တကယ်တော့သူ့ကိုကြိုက်ပုံပါပဲ.. အေးလည်းအေးတယ်.. ချစ်စရာလေးပါ.. ဒါပေမယ့် ကောင်မလေးသူငယ်ချင်းတွေက နည်းနည်း.. အင်း.. ဘယ်လိုပြောရမလဲ.. အယ်ရှားနဲ့ နန်းညီ ဒီလို တတွဲတွဲ ရင်းနှီးနေတာ ကြည့်မရလို့ထင်ပါတယ်.. ပြောကြဆိုကြ.. နန်းနဲ့မတွဲမှ ပြန်ကြိုက်မယ်တို့ ဘာတို့.. အဲဒါနဲ့ အဲဒိအကြောင်းတွေပြောကြရင်း စကားနည်းနည်းများတယ်.. သူက “ငါနဲ့လာမတွဲနဲ့တော့”လို့တော့ မပြောပါဘူး.. (ပြောလည်းမရပါဘူးလေ).. သူတို့က အဲလိုပြောတယ် ဆိုတာလောက်ပဲ သူကပြောပြတာ.. ဒါပေမယ့် အဲဒိညနေက ငိုရသေးတယ်.. ငိုပြီးတော့ သူ့ကို “ဖွန်ကြောင်ကောင်”လို့ ခေါ်ခဲ့တယ်.. သူက ဘာမှပြန်မပြောပဲ ပြုံးနေခဲ့တယ်.. တကယ်တော့ သူကဖွန်ကြောင်ပြီး ပြောနေတာမဟုတ်မှန်းသိရဲ့နဲ့ အဲလိုခေါ်ခဲ့မိတာ.. အဲဒိတုန်းက တွေးခဲ့တာကတော့ “တကယ်ဆို ဒါက ပြောနေစရာတောင်မလိုဘူး.. ပြန်မကြိုက်လည်းနေ.. ငါ့သူငယ်ချင်းကိုတော့ မဖြတ်နိုင်ဘူးလို့ ပြန်ပြောလိုက်တာ မဟုတ်ဘူး” ဆိုပြီး တွေးနေခဲ့မိတာ.. ခုမှသေချာပြန်စဉ်းစားကြည့်မိတော့ ဘာမှမဆိုင်ပဲ သူ့ကို ရန်လုပ်ခဲ့မိတာပဲနော်.. အယ်ရှားရေ အခုတောင်းပန်တယ်ကွာ.. ငါ့ကိုခွင့်လွှတ်..
တကယ်တော့ နန်းညီက ကဗျာလုံးဝမရေးတတ်ဘူး.. ဒါပေမယ့် အဲဒိနေ့က စိတ်ဆိုးဆိုး ၀မ်းနည်းနည်းနဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မိသေးတယ်.. သိပ်မကောင်းလို့ ခပ်ရှက်ရှက်နဲ့ပဲ ပြန်ရေးပြမယ်နော်..
ကဗျာနာမည်က ၁၉.၆.၂၀၀၇ တဲ့..
အဲဒိညနေ
သူငယ်ချင်းနဲ့ ပြဿနာတက်တယ်..
နှစ်ယောက်စလုံး စိတ်ထိခိုက်နာကျင်စွာ
ပြောမသွားခဲ့ဘူး..
“ဟေ့ရောင် မင်းမငိုနဲ့” ..
အဲဒိညနေ
တိမ်တွေလှတာ အရမ်းပဲ..
ကောင်းကင်တစ်ခုလုံး ပြာရီမှိုင်းညို့လို့
ဘေးမှာလူတစ်ယောက်မရှိလို့သာ
မော့ကြည့်ဖြစ်ခဲ့တာပါ..
အဲဒိညနေ
အရာရာဟာ ကျိုးပျက်ကြေမွတယ်..
ခေါင်းအုံးပေါ်မှောက်ချပြီး အော်ဟစ်ရင်း
“စိတ်ညစ်စရာတွေ တပည့်တော်မနဲ့
ဝေးနေပါစေသား အရှင်ဘုရား”
ဆုတောင်းတယ်.. .. ..
(PS>>> အခုလောလောဆယ် အယ်ရှားက ရန်ကုန်မှာမရှိဘူး.. ဒင်းက စာမေးပွဲအပြီးကျောင်းပိတ်လို့ တောင်ကြီးပြန်သွားတယ်လေ.. မီးပုံးပျံပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေလေရဲ့.. လွမ်းတယ်.. ပြီးတော့.. မီးပုံးပျံနဲ့.. တို့ဖူးနွေးနဲ့.. မက်မန်းဝိုင်နဲ့.. ကုန်းထိပ်က လဘက်ရည်ဆိုင်နဲ့ အသားကျပြီးပျော်နေမယ့် သူ့ကို မနာလိုဘူး.. ၀ိုင်းပြီး မနာလိုဖြစ်ပေးကြပါဦးဗျိုး)
Recent Comments