အကြွေစေ့ပုံပြင်10-08-2010 | 17:10:59 | 12 Comments

အကြွေစေ့ ရှားပါးတဲ့ခေတ်မှာမှ ၁၀၀ ကျပ်တန် အကြွေစေ့လေး ၂ စေ့ရလာသောအခါ ကောင်လေးသည် ပျော်ရွှင်စွာဖြင့် ကောင်မလေးကို ပြလေသည်..
“နင် တစ်ခု ငါတစ်ခု သိမ်းထားရအောင်နော်”
ကောင်မလေးက ပြုံးသောအခါ ကောင်လေး၏ မျက်ဝန်းနက်နက်ကလေးများပါ လိုက်ပြီး ပြုံးရယ်ကြပါသည်..

×××××××

“အကြွေစေ့ နောက်တစ်ခုထပ်ရထားတယ်”
ဘောင်းဘီအိတ်ကပ်ထဲမှ အကြွေစေ့လေးကို ကောင်မလေးက ထုတ်ပြသောအခါ ကောင်လေးက အလိုမကျသလို မျက်မှောင်ကုပ်၏..
“နင်နဲ့ငါ တစ်ယောက်တစ်ခု ဆင်တူထားမှာလေ.. ဒါကို မယူထားနဲ့”
“ဒါဖြင့် ဒါကို ဘာလုပ်ရမလဲ.. အများကြီးလည်းမဟုတ်.. တရာထဲ”
လူစည်ကားသော မြို့လည်လမ်းမကြီး တစ်လျှောက် အတူတူလမ်းလျှောက်နေကြရင်း သူတို့ စဉ်းစားနေကြခြင်းဖြစ်သည်..
Continue reading »

Black Devil ပုံပြင်27-03-2010 | 16:54:14 | 17 Comments

လက်ကလေးတွေ အတော်လှတယ်..

တဖက်စားပွဲကို အကုန်မြင်ရဖို့ဆိုလျှင် ကြားထဲက ထန်းပင်လိုလို ကွမ်းပင်လိုလို ပန်းအိုးအကြီးကြီး ဖယ်မှရမည်.. နေရာရွှေ့ထိုင်ပြန်ရင်လည်း အဆင်ပြေမည်မထင်ချေ.. ကိုယ်က သူ့ကို မြင်ရတာတင်မကဘဲ သူကပါ ကိုယ့်ကို မြင်ရသွားမည့် အနေအထားဖြစ်နေသည်.. ပြီးတော့ အတူထိုင်နေသူတွေက ဘာလို့နေရာပြောင်းတာလဲ မေးနေတော့မည်.. ထားပါတော့.. ခုတိုင်း မြင်ရသလောက်တော့ ဆံပင်ပျော့ပျော့စင်းစင်းလေးတွေက ပုခုံးနားထိရှည်ရှည်.. တီရှပ်အနက်ရောင်နှင့် ဂျင်းပန်မီးခိုးရောင် ဖျော့ဖျော့ဝတ်ထားတာက အတော်လေး စတိုင်ကျသည်.. ခြေထောက်ကို သေချာမမြင်ရသော်လည်း သူ့လက်ချောင်းလေးများလိုပဲ သွယ်သွယ်ရှည်ရှည် လှလှပပလေး ဖြစ်မှာပါပဲ..

သူ့မျက်နှာချင်းဆိုင်မှာ ရှိသည့်လူကို မမြင်ရပေမယ့် အတော်လေးကို Continue reading »

အလွမ်းဖွဲ့ပုံပြင်10-08-2009 | 09:52:50 | 17 Comments

မိုးစက်များ တဖွဲဖွဲကျလာသောအခါ ကျနော် ယခုတိုင် သူ့ကိုလွမ်းနေဆဲဖြစ်ပါသည်.. မိန်းကလေးဖြစ်ပေမယ့် ဘယ်တော့မှ ထီးဆောင်လေ့မရှိသည့် သူက မိုးရွာပြီဆိုလျှင် မိုးကာအင်္ကျီမှ ဦးထုပ်ကိုခေါင်းပေါ်ဆွဲချလေ့ရှိ၏.. မိုးသိပ်သည်းလာလျှင်တော့ မိုးခိုစရာ နေရာတစ်ခုခုထဲကို အပြေးဝင်တော့မည်.. မိုးရေစက်များပေါ်မှ သူ တဗြုန်းဗြုန်းဖြတ်ပြေးသည့်အခါ ရေစက်များက အရှိန်ဖြင့် ဘေးကိုလွင့်ဖွာဝဲသွားတတ်သည်မှာ ကျနော့်အဖို့တော့ ကဗျာတစ်ပုဒ်ပါပဲ.. တာရာမင်းဝေ၏ “မီးတောက်ရစ်သမ်”ကဗျာရှည်ကြီးကို ဖတ်ဖူးကြပါသလား.. ဟေး ငါပြောမယ် အက်ဆစ်တိမ်ခိုးတို့.. မုတ်သုန်ကိုနှိုးပါ.. ဒီလူဆိုးအတွက်လည်း.. မိုးကြမ်းတို့ တစ်စက်စက်ရွာပါ..

မျက်နှာတစ်ခြမ်းအုပ်လုနီးပါး ကျနေတတ်သည့် သူ့ရှေ့ဆံပင်များသည် ရေစိုသောအခါ အချောင်းလိုက်အချောင်းလိုက်ဖြစ်နေတတ်သည်.. သူ့လက်ချောင်းများနှင့် ဆံပင်များကို ထိုးဖွပစ်လိုက်သောအခါ လှပသော သံစဉ်များ ကျနော့်နားထဲမှာ ကြားလိုက်ရပါသည်.. ရေခြောက်သွားသောအခါ သူ့ဆံပင်များ ဖွာကျဲကာကျန်နေတတ်သည်.. လေတိုးသောအခါတိုင်း သူ့ဆံပင်များဆီမှ မွှေးရနံ့ခပ်သင်းသင်းကို ရှူရှိုက်ရသောအခါ ကျနော် ရင်ခုန်မိကြောင်း ဝန်ခံပါရစေ.. လေညင်းလေးရေ ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို သူ့ဆံနွယ်လေးတွေ ဖွားကနဲလွင့်သွားရုံ တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ.. လေစီးထဲမှာ ဖွာကျဲလှပနေရှာမယ့် သူ့ရဲ့ကေသာဆံမြကို အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး.. နော်

တစ်ခါတလေ ဘယ်လိုမှ မိုးခိုဖို့မဖြစ်နိုင်သောအခါ သူ့ဆံနွယ်တွေတင်မက သူ့မျက်နှာ သူ့ပုခုံး သူ့ခြေလက်များလည်း မိုးစိုရွှဲရလေ့ရှိသည်.. ထိုအခါမျိုးတွင် သူ့ကို ကျနော် သနားမိပါသည်.. သွေးကြောစိမ်းလေးများ ပေါ်နေတတ်သော ပါးပြင်ဖြူဖြူဖွေးဖွေးပေါ်မှာ ရေစက်များ ခိုသီးနေသောအခါ.. နှာဖျားတွင် တင်နေသော ရေစက်ကလေး ပေါက်ကနဲ အပေါ်နှုတ်ခမ်းထော်လန်လန်လေးပေါ် ကျသွားသည့်အခါ.. နားရွက်နောက်ဘက်နား ဆံပင်များဆီမှတဆင့် သူ့လည်တိုင်သေးသေးသွယ်သွယ်လေးပေါ် ရေစက်များစီးကျလာသည့်အခါ.. သူ့လက်မောင်းပြင် ကျစ်ကျစ်ကလေးမှာ ရေများစိုရွှဲလျက် အေးစက်နေတတ်သောအခါ.. သူ့ကို ကျနော်သနားပါသည်.. ရေများတစက်စက်ကျနေတတ်သော ကောင်မလေးသည် ကျနော့်အတွက်တော့ ပန်းချီကားတစ်ချပ်ဖြစ်သည်.. အထီးကျန်တောင်ကို အုပ်စိုးဖို့ နတ်ပြည်ကရွာချတဲ့ ငါ့အတွက် အညတရမိုး.. ရေ.. နေပါစေတော့.. ချစ်သူကို မြတ်နိုးရုံနဲ့ အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့ လူငယ်.. ခု ခြွင်းချက်မရှိ လက်နက်ချလိုက်ပါပြီ..

လျှပ်စီးတွေလက်ပြီး မိုးခြိမ်းသောအခါ သဘောတကျ ရယ်မောတတ်သော ထိုကောင်မလေးသည် မိုးကြိုးကြောင့် သို့မဟုတ် လေပြင်းကြောင့် သစ်ပင် သစ်ကိုင်းများ ကျိုးကြေပြိုလဲသည့်အခါ ဝမ်းနည်းစွာ ငိုချင်တတ်သည်တဲ့.. “သစ်ပင်တွေ သနားပါတယ်နော်”လို့ တိုးတိုးဖျော့ဖျော့ဆိုလာသော သူ့အသံသည် ကျနော့်သွေးကြောများထဲတွင် လှည့်ပတ်ကာ အကြိမ်ကြိမ်အခါခါ ယစ်မူးစေပါသည်.. မိုးရေမခံရမှာစိုးလို့ဟူသော အကြောင်းပြချက်ဖြင့် ရုံးခန်းထဲမှ ကန္တာရဆူးပင်များကို ဝရံတာလက်တန်းတွင် တန်းစီပြီး တင်သောကြောင့် သူဌေးအဆူခံရသော ထိုကောင်မလေးသည် ဘယ်လိုများ အူကြောင်ကြောင်တွေ တွေးနေပါလိမ့်ဟု ကျနော် စိုးရိမ်ပူပန်သွားရ၏.. သူကတော့ ကပျက်ကချော်ရယ်မောရင်း “တခြားအပင်တွေမိုးရေရနေချိန်မှာ သူတို့က မိုးရေမရတော့ မတရားဘူးထင်လို့”ဟု ပြောပြန်တော့ သူ့ကို ဖက်နမ်းပစ်လိုက်ချင်ကြောင်း ဘယ်သူ့ကိုလဲတော့မသိ ပြောပြဖူးပါသည်.. ကောင်မလေးရယ် လူငယ်တစ်ယောက်ကို ပြုစားဖို့ အဘယ်နတ်ဘုရားထံ နင့်လက်တွေဖြန့် တောင်းခံခဲ့သလဲ.. ငါ့ရာဇဝင်ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ်..

မိုးမရွာခင် လေတွေသိပ်တိုက်နေသောအချိန်တွင် သူအလုပ်ချင်ဆုံးအလုပ်က စွန်လွှတ်ရန်ဟု ကျနော့်ကိုပြောပြဖူးပါသည်.. အရှိန်ပြင်းစွာ ဝေ့ဝိုက်တိုက်ခတ်နေသော လေကြမ်းများကြားတွင် ဘယ်သို့ဘယ်ပုံစွန်လွှတ်မည်ကို ကျနော် ကူပြီးမစဉ်းစားတော့ပါ.. သူကတော့ ထိုသို့ မိုးဦးလေနှင့်ကြုံတိုင်း စက္ကူလေယာဉ်ပျံများကို တိုက်အမြင့်မှ လွှတ်ချလေ့ရှိသည်.. တောင်ညိုမှာပြိုတဲ့မိုးတွေ သူ့မျက်နှာလေးကို တိုးသက်တဲ့အခါ တောင်ပင်လယ်က ဗေဒါတွေဟာ ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်တဲ့.. အဲဒီလိုနဲ့ပဲ စက္ကူလေယာဉ်ပျံများကို သဘောကျသူ ဖြူဖျော့ဖျော့ကောင်မလေးတစ်ယောက်ဟာ လေထဲက စက္ကူလေယာဉ်ပျံလေးတွေလိုပဲ လွင့်မျောပျောက်ကွယ်သွားပါတော့သည်.. ဆေးရုံဆေးခန်းကို အနံ့ကအစ မုန်းတဲ့ကျနော်ဟာ သူရှိရာ အထူးကုဆေးရုံခန်းလေးကိုတော့ ၂ လအတွင်း အကြိမ်ရာထောင်ချီပြီးတောင် ရောက်ဖြစ်ခဲ့ပါရဲ့.. “ချစ်သူကိုတောင် ချစ်တယ်လို့မပြောရဲတဲ့ကောင် ရာစုတစ်ထောင်နေရစ်ခဲ့.. ထိုသို့ဖြင့် စကားမဲ့စေသတည်း”.. မြရာပင်ကြီးရဲ့ ညဉ်းတွားသံသဲ့သဲ့ သန်းခေါင်ယံငှက်ဆိုးအုပ်နဲ့အတူ ရုတ်တရက်လန့်ပျံသွားတယ်..

အဲဒီလိုနဲ့ပါပဲ.. ကျနော်တို့ဝေးခဲ့ကြပါသည်.. သူဝတ်နေကျမိုးကာလေးကို သူနဲ့အတူ ထည့်ပေးလိုက်သောကြောင့် ကျနော့်တွင် သူ့အမှတ်တရပစ္စည်းဘာမှ မကျန်ခဲ့ဘူးလို့ လူတကာသိပါစေ.. “ချစ်တယ်”လို့ကျနော်ပြောလိုက်ပေမယ့် ပြောတဲ့စကားကို သူမကြားသွားရှာဘူးဟု တွေးတိုင်း မျက်ရည်ဝဲတတ်ခြင်းကို စကားတင်းဆိုချင်သူများလည်း ရှိနေသေး၏.. မြောက်လေသွေးတိုင်း မွှေးမြတဲ့ မျက်ရည်နံ့တွေ လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ ခုထက်ထိ သင်းပျံ့ဆွတ်ပေနေတယ်ဆိုတာ ဘယ်သူကများ မျှဝေခဲ့စားခဲ့ပါသလဲ..

ပရိတ်သတ်များအားလုံး မတ်တပ်ရပ်ပြီး အားပေးပါ..

(collage >> တာရာမင်းဝေ’s “မီးတောက်ရစ်သမ်”)

ဆေးရောင်စုံပုံပြင်08-07-2009 | 15:58:43 | No Comments

နံရံကို ဘာအရောင်ဆေးသုတ်မလဲဆိုတဲ့ ကိစ္စကျကာမှ သူနဲ့ကျနော်အငြင်းပွားကြရတော့သည်.. အရင်က ဘယ်လိုကိစ္စမဆို ကျနော်တို့ အငြင်းမပွားခဲ့ဖူးပါ.. သိတတ်စအရွယ်ကတည်းက ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် အမြဲညှိညှိနှိုင်းနှိုင်းပင် သင့်မြတ်ခဲ့သည်.. ဘယ်တုန်းကမှ အကြီးအကျယ် စကားမများခဲ့ဖူး.. ဘယ်တုန်းကမှ အော်ဟစ်ငြင်းခုန်ခြင်း မရှိခဲ့ဖူး.. ကျနော်တို့ တစ်ယောက်အကြိုက် တစ်ယောက်သိနားလည်စွာပင် အပေးအယူမျှခဲ့ကြသည်..

ကျနော်တို့ ငယ်ငယ်က တောင်ပေါ်မြို့လေးတစ်မြို့မှာနေခဲ့ဖူးသည်.. မြို့လေးက ပန်းများရောင်စုံပွင့်လန်းလျက် ရိုးသားစွာလှပပါသည်.. ၃ ၄ တန်းအရွယ်ရဲ့ တစ်နေ့မှာတော့ ကျနော်တို့ မြို့ထဲမှာလျှောက်ဆော့နေကြရင်း အဝါရောင်နှင်းဆီပန်းများပွင့်သော ခြံတစ်ခြံအနီးသို့ ရောက်သွားကြ၏.. ကျနော်တို့ အတူတူဆော့ကစားနေသော အဖွဲ့ထဲမှ ကောင်မလေးတစ်ယောက်က လိုချင်လှပါချည်ရဲ့ဆိုသဖြင့် သူနှင့်ကျနော်က လူစွမ်းကောင်းကြီးလုပ်ကာ ခြံထဲကိုပန်းတွေဝင်ခိုးဖူးသည်.. ခြံစောင့်ဦးလေးကြီးလိုက်ဖမ်းသဖြင့် အားလုံးထွက်ပြေးကြရင်း ကျနော်နှင့်သူကတော့ ပန်း၂ ပွင့်စီလက်မှာကိုင်လျက် အဖမ်းခံလိုက်ရပါသည်.. နောက်တော့ ကျနော်တို့ ခြေသလုံးမှာ မိဘများ၏ ကြိမ်ရာတွေအရှိုးထင်ခဲ့ရ၏.. ထိုစဉ်ကတော့ ပန်းခူးခိုင်းသူ ကောင်မလေး၏ ကရုဏာမျက်ဝန်းတွေကြားမှာ ပျော်ဝင်ခဲ့ကြသော်လည်း အဝါရောင်နှင်းဆီပန်းများကို မြင်ရင်တော့ဖြင့် ယခုထက်တိုင်မျက်နှာလွှဲတတ်ဆဲ ဖြစ်လေသည်..

ကျနော်တို့ ၂ ယောက်လုံး သစ်ပင်စိမ်းစိမ်းများကို ချစ်ခင်ကြတာချင်းတူညီသည်.. ပန်းပွင့်တွေကို သဘောမကျတတ်သော်လည်း ထင်းရှူးပင် စွယ်တော်ပင် ငုဝါပင် ရေတမာပင်တွေကစလို့ မန်ကျည်းပင် ပျဉ်းမပင် အရွက်စိမ်းစိမ်းအုပ်အုပ်ရှိသမျှ အပင်ကြီးများကို နှစ်သက်ကြ၏.. သို့သော် စိုက်ပျိုးဖို့ကိုတော့ သူရောကျနော်ပါ ပျင်းရိလျက် ရှောင်လွှဲကြမြဲဖြစ်သည်.. ကြီးလာရင် သစ်ပင်ပေါ်မှာ အိမ်ဆောက်နေကြမယ်လို့ ကျနော်တို့ စိတ်ကူးယဉ်ခဲ့ကြပါသည်.. တကယ်တမ်း ကျနော်တို့ ကြီးလာတော့ သစ်ပင်ခွကြားမှာ လင့်စင်ထိုးလျက်မနေဖြစ်သော်လည်း သီးပင်စားပင်တွေအများကြီးရှိသည့် ခြံကျယ်ကျယ်တစ်ခုကို ဝယ်ယူကာ နေထိုင်ဖြစ်ကြပါသည်.. တစ်ခါတရံ ညနေတွေမှာ ကျနော်တို့ ခြံထဲဆင်းကာ ပက်လက်ကုလားထိုင်ကိုယ်စီဖြင့် ရောက်တတ်ရာရာစကားပြောကြရင်း ကျနော်တို့ ငယ်ငယ်က လင့်စင်ပေါ်မှာနေကြရန်အတွက် ရိက္ခာတွေစုကြတာကို ပြန်ပြီးပြောဆိုဖြစ်ကြ၏.. ကျနော်တို့ ရယ်မောဖြစ်ကြပါသည်..

ကျနော်တို့ ၂ ယောက်လုံး နွားနို့ကိုမုန်းကြပါသည်.. ဒိန်ချဉ် ဒိန်ခဲ နို့နှင့်လုပ်သောမုန့်များ နို့ထွက်ပစ္စည်းများ ယုတ်စွအဆုံး နို့မှုန့်ကိုပင်နှစ်သက်ပါလျက်နှင့် နွားနို့ဖန်ခွက်ဖြူဖြူကိုတော့ ဓာတ်ပုံပင် မကြည့်ချင်လောက်အောင် နွားနို့ကိုမုန်းပါသည်.. အားရှိစေသော ခွန်အားဖြစ်စေသော လူအတွက်ကောင်းသော အစားအစာဟု မည်မျှပင်လူကြီးတွေက တိုက်တွန်းကျွေးမွေးပါသော်လည်း သူရောကျနော်ပါ နွားနို့ဟေ့ဆိုတာနှင့် နှာခေါင်းရှုံ့ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြမြဲ.. သို့သော် နွားနို့တိုက်လျှင် သူနှင့်ကျနော် တုန့်ပြန်ပုံချင်းမတူကြပါ.. နွားနို့ခွက် ကိုယ့်ရှေ့ရောက်လာသည်နှင့် ကျနော်က တွန်းဖယ်ပစ်တတ်သည်.. သို့မဟုတ် တွန်းဖယ်ပစ်လို့မျှ မအောင်မြင်လျှင် အခြားဘာအစားအစာကိုမှ ဆက်မစားဘဲ ထွက်သွားတတ်သည်မှာ ကျနော့်အကျင့်.. သူကတော့ ထိုသို့မဟုတ်ပါ.. နွားနို့ခွက်သူ့ရှေ့ရောက်လာသည်နှင့် စူးစူးဝါးဝါး ပြဲပြဲကွဲကွဲအသံတစ်ခု သူပြုမည်.. နောက်တော့ ခွက်ကို ကောက်ကိုင်ကာ နမ်းကြည့်မည်.. နွားနို့သောက်ရတာ ဘယ်လောက် အော်ဂလီဆန်စရာကောင်းကြောင်း ဘယ်လောက်အီကြောင်း သောက်လိုက်ရလျှင်ဖြင့် သူကတော့ ဘယ်လိုခံစားရတော့မည် ဘယ်လိုဖြစ်သွားတော့မည်.. စသဖြင့် နားညီးဆူညံစေခြင်းနည်းကိုသုံးကာ သူမကြိုက်ကြောင်းကို ထုတ်ဖော်ပြသလေ့ရှိသည်.. မည်သို့ပင်ဖြစ်စေ မသောက်ချင်သော နို့ဖြူဖြူတစ်ခွက်ရန်မှ ၂ ယောက်စလုံး လွတ်မြောက်လေ့ရှိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်..

ကျနော်တို့ ကောင်မလေးများကို ရင်ခုန်တတ်သော အရွယ်ရောက်တော့ ကျနော်က ထီးအနီလေးများကိုသာဆောင်းလေ့ရှိသော ကောင်မလေးကို သဘောကျခဲ့ပြီး သူကတော့ ဆံပင်နီနီဆိုးထားသော ကောင်မလေးများကို တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့သည်.. အသစ်တစ်ယောက်တွေ့တိုင်း တစ်ခါမိတ်ဆက်ပေးတတ်သော သူ့ကောင်မလေးပေါင်းများစွာကို ကျနော်က ပြန်လည်ကာရင်းနှီးခင်မင်မြဲဖြစ်ပေမယ့် ကျနော့်တစ်ဦးတည်းသော မိန်းကလေးကိုတော့ “အေးစက်စက်နဲ့ ထောင့်မကျိုးဘူး”ဟု ဝေဖန်သဖြင့် ကျနော်တို့ တစ်ပတ်ခန့် စိတ်ကောက်နေခဲ့ကြသေးသည်.. နောက်တော့လည်း အဲသည့်အဖြစ်တွေက ရယ်စရာတွေဖြစ်သွားပြီး မေ့လျော့ခံအကြောင်းအရာများဖြစ်သွားတော့တာပါပဲ.. ကျနော်တို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ ကြာရှည်စွာ မနေနိုင်ကြပါ..

ကျနော်တို့ နှစ်ယောက်စလုံး ပြာလဲ့လဲ့မိုးကောင်းကင်ကို မော့ကြည့်ကာ လမ်းလျှောက်လေ့ရှိကြသည်.. တိမ်ထုဖြူဖြူတွေ မရှိဘဲ.. မိုးသားမည်းမည်းများမရှိဘဲ.. ကြယ်တွေလတွေနဲ့မဟုတ်ဘဲ အပြာရောင်သက်သက် ကြည်လင်နေသော ကောင်းကင်ကို ကျနော်တို့ သဘောတကျချစ်ခင်ခဲ့ကြပါသည်.. ကျနော်တို့ အိမ်အဝင်လမ်းကလေးက အမြဲတစေ ရှင်းလင်းတိတ်ဆိတ်နေလေ့ရှိသည်.. ဖြတ်သွားဖြတ်လာကားများ လူများ ဆိုက်ကား စက်ဘီးစသည်တို့၏ အန္တရာယ်ကို သိပ်ပြီးဂရုစိုက်စရာမလိုသောကြောင့်လည်းကောင်း၊ ရှေ့မှလမ်းကို မကြည့်ဘဲ ကောင်းကင်ကိုမော့ကြည့်ကာ လမ်းလျှောက်ရသော အရသာကို မက်မောလှသောကြောင့် လည်းကောင်း ကျနော်တို့ အိမ်ပြန်လမ်းတွေမှာ ထိုသို့ မိုးပေါ်မော့ပြီး စကားပြောရင်း လမ်းလျှောက်လေ့ ရှိပါသည်.. တစ်ခါတရံ သူမှုတ်ထုတ်လိုက်သော စီးကရက်မီးခိုးများက ကျနော့် ကောင်းကင်ဆီထိ လွင့်ပျံ့လာသော အခါ ပိုပြီးတိမ်းမူးစွဲမက်ဖွယ်ကောင်းသွားတတ်၏.. တစ်ခါတရံ ကျနော် ခပ်တိုးတိုးညဉ်းဆိုတတ်သော သီချင်းသံများကိုလည်း သူကစွဲလန်းနှစ်သက်ကြောင်း ပြောပြခဲ့ဖူးပါသည်..

အခုတော့ ကျနော်တို့ ၂ ယောက်အတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံး ရှိလာခဲ့ပြီ.. သူ စိတ်လက်အေးချမ်းစွာ စိတ်ကူးယဉ်နိုင်သော.. ပန်းချီဥာဏ်ကွန့်မြူးဆန်းသစ်နိုင်သော သာယာသည့် ခြံကျယ်ကျယ်.. ကျနော်အေးအေးဆေးဆေး သီချင်းရေးနိုင်ရန် ဂစ်တာတီးရန် အော်ဂင်တီးရန်အတွက် ဘေးပတ်လည် အိမ်နီးနားချင်းဝေးရာ သီးသန့်ကမ္ဘာလေး.. ထိုအိမ်ငယ်လေး၏ နံရံများကို ကျနော်က ပန်းရောင်ခပ်နုနုသုတ်ချင်သည်.. ပန်းရောင်သည် နွေးထွေးစွာ ရိုးရှင်းစွာဆွဲဆောင်နိုင်သဖြင့် ပန်းရောင်အိမ်သည် လူကို နေချင်စိတ်ဖြစ်စေသည်ဟု စာအုပ်တစ်အုပ်ထဲမှာ ကျနော်ဖတ်ခဲ့ဖူးသည်.. သို့သော် သူက ကန့်ကွက်၏.. ပန်းရောင်ဆိုတာ စိတ်ကိုနူးညံ့စေတာနဲ့အညီ ပျော့ညံ့ခြင်းကိုပါ ပေးသည်တဲ့.. ခရမ်းရောင် ခပ်ဖျော့ဖျော့သုံးဖို့ သူက တိုက်တွန်းပါသည်.. ခရမ်းရောင်ဟာ ဘာအတွက်ကောင်းတယ် ဘာတွေကောင်းတယ် သူမရှင်းပြဘဲ “ငါကြိုက်လို့ကွ”ဆိုသော စကားတစ်ခွန်းထဲကိုပဲ ဆင်ခြေအဖြစ်သူပေးခဲ့သောကြောင့် ကျနော်ကလည်း မကျေနပ်ပါ.. ကျနော်တို့ ၂ ယောက်ထဲနေချင်လွန်းလှသည်ဆိုပြီး တစ်ပတ်မှာ ၃ ၄ ရက်လောက်သာပြန်ဖြစ်သော မြို့ထဲအိမ်မှ ဇနီးများကတော့ သဘောတကျရယ်မောရင်းသာ “ဒီအမြွှာညီအစ်ကိုလည်း မနိုင်ပါလားနော်”ဟုသာ ပြောရှာပါသည်.. “အဲဒိတော့ အခု ဘယ်အရောင်ကို ရွေးဖြစ်သွားလဲ”ဟု ဆံပင်နီညိုရောင်နှင့် သူ့ဇနီးကမေးတော့ ကျနော်တို့ ၂ ယောက်မဖြေနိုင်ပဲ တစ်ယောက်ကိုတစ်ယောက်သာ ဘုကြည့်ကြည့်မိကြသည်.. အေးစက်စက်ခပ်တည်တည်နေတတ်သော ကျနော့်ဇနီးက ကျနော်တို့ ပုံစံတွေကိုကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်ပါတော့သည်..

ကျနော်တို့အိမ်လေးနှင့် ခြံကျယ်ကြီးကို အချောသတ်ပြင်ဆင်ပြီးချိန်မှ သူတို့ ၂ ယောက်ကို အလည်ခေါ်မည်ဟု တိုင်ပင်ထားသည်.. ကောင်းကင်ကိုတောင် မြင်ရဖို့ခဲယဉ်းလောက်အောင် သစ်ပင်ကြီးများ အုံ့ဆိုင်းနေတတ်သောခြံ.. အဝါရောင်နှင်းဆီပန်းတစ်ချို့ပွင့်နေသော ပန်းအိုးတစ်ချို့နှင့် နွားနို့စစ်စစ်ရတတ်သော မြို့ပြင်ဒေသအကြောင်း ပြောဖူးထားသည်မို့ သူတို့ကတော့ နှစ်သက်ကြမှာပဲ.. ပန်းရောင်နှင့် ခရမ်းရောင်ကို ဘယ်လိုမှ ညှိနှိုင်းမရသဖြင့် အခန်း ၄ ခန်းပါသော ကျနော်တို့အိမ်လေးမှာ  အရောင် ၄ ရောင်ခွဲသုတ်ထားကြောင်းကိုတော့ သူတို့လာလည်ကြသော အခါမှသာ မြင်ကြပါစေတော့..

မိုးရေထဲကပုံပြင်08-06-2009 | 09:52:04 | 15 Comments

ရုတ်တရက် မိုးကရွာချလိုက်တော့ သူတော်တော်လေး အထိတ်တလန့်ဖြစ်သွားသည်.. မိုးခိုစရာနေရာက ချက်ချင်းရှာမတွေ့.. သူငယ်ချင်းတွေ ဘယ်ကိုသွားပါလိမ့်.. သူငယ်ချင်းတွေ ဘယ်မှာခိုနေပါလိမ့်.. အဖော်ကွဲပြီး လမ်းပျောက်နေရတဲ့ကြားထဲ မိုးကပါ နှိပ်စက်ရက်တယ်ကွယ်..

သူငယ်ချင်းများကို ရှာနေကတည်းက သူတော်တော်မောနေခဲ့ပြီ.. ဗိုက်ကလည်း ဆာပြီ.. စားစရာကလည်း ရှာရခက်သား.. ဟော- ဟိုရှေ့နားမှာ ခေါင်မိုးစွန်းလေးတစ်ခု.. သို့သော် အနားရောက်မှ စိတ်ပျက်သွားရသည်.. သူ့လိုဘဝတူတွေ အပြည့်.. သူ့အတွက် နေရာမရှိတော့.. တစ်ကိုယ်လုံးခိုဝင်ဖို့မပြောနဲ့ ခြေလေးတစ်ဖက်တောင် ချလို့ရတော့မယ်မထင်.. သူ ရှေ့ဆက်ထွက်ခဲ့သည်..

မိုးကပိုပြီးသည်းလာပြီ.. ခိုစရာတစ်နေရာကို တွေ့မှဖြစ်မည်.. ဒီထက်ပိုပြီး သူသွားနိုင်တော့မည်မထင်.. ခုတောင် ရေစိုသဖြင့် သူ့တောင်ပံတွေလေးလာပြီ.. မနည်းကို အားတင်းခတ်နေရ၏.. ဒီထက်ဆက်ပျံနေရလျှင် သူ ပြုတ်ကျတော့မှာ.. ခေါင်မိုးစွန်း.. သစ်ပင်အုပ်အုပ်.. မိုးလွတ်ရာ ခိုစရာ.. ခိုနားစရာ..နေရာ နေရာ.. …

လေက ဖြုန်းကနဲ တိုက်လိုက်ပြန်သည်.. ရေစိုနေသော သူ့တောင်ပံများက သူလိုရာသို့ တွန်းခတ်ပို့မပေးနိုင်တော့.. လေတိုက်သည့်ဘက် သူထိုးဆင်းသွားသည်.. မတတ်နိုင်.. အနီးဆုံး ခေါင်မိုးတစ်ခုပေါ် သူနားလိုက်သည်.. မိုးစက်များက သူ့ကိုယ်ပေါ်သို့ အညှာအတာမဲ့စွာ ကျဆင်းလာ၏.. ချမ်းလွန်းနေသော်လည်း လောလောဆယ်တော့ အတောင်ညောင်းသက်သာနေသေးသည်.. ပြီးတော့ အသက်ခပ်ဝဝရှူခွင့်ရနေသေးသဖြင့် တော်သေးသည် ဆိုနိုင်သည်..

သို့သော် ဒီမှာကြာရှည်နေလို့တော့မဖြစ်သေး.. ချမ်းလွန်းသဖြင့် သူသေသွားနိုင်သည်.. တရှိန်ထိုး ဆင်းလာကြသည့် မိုးစက်တွေကလည်း သူ့ကိုယ်ခန္ဓာသေးသေးကို နာကျင်စေပြန်၏.. မျက်လုံးရှေ့မှာ တင်နေသော မိုးရေစက်များကို ခါထုတ်ပစ်လိုက်ပြီး ပတ်ပတ်လည်ကို စူးစမ်းလိုက်သည်.. ဘယ်နေရာကြည့်ကြည့် တိုက်ခေါင်မိုးတွေချည်းပါပဲလား.. အရမ်းကြီးမကြာသေးသော ကာလကပင် သူတို့အတွက် နေထိုင်စရာသစ်ပင်တွေ အများအပြားရှိခဲ့သေးသည်.. ခုတော့ ခိုနားစရာနေရာက ရှားပါးလိုက်တာ..

ဟိုဟိုဒီဒီကြည့်နေရင်းနဲ့ပဲ တိုက်တစ်ခု၏ဝရံတာအမိုးစွန်းလေးကို လှမ်းမြင်လိုက်ရသည်.. သူနားနေသော ခေါင်မိုးနှင့်ဆိုလျှင် အနည်းငယ်ဝေးသေးပြီး အနည်းငယ်လည်း ပိုမြင့်နေသည်.. သူ ရောက်အောင် သွားနိုင်ပါ့မလား.. မသွားလို့လည်း မဖြစ်.. ရောက်မှဖြစ်မည်.. တခြားတစ်ယောက် အဲ့ဒိနေရာကို မရောက်လာခင်.. ဒီထက်ပိုပြီးတောင်ပံတွေ ရေမစိုခင်.. ဒီထက်ပိုပြီး သူ့ကြွက်သားတွေ တောင့်တင်းမအေးခဲခင်.. …

ကိုယ်ခန္ဓာပေါ်မှာ ရေများကိုတဖျတ်ဖျတ်ခါထုတ်လိုက်ပြီး အားတင်းကာ သူစတင်ပျံသန်း၏.. လေက ဝေ့ပြီးတိုက်လာပြန်သည်.. ကံကောင်းစွာပင် သူသွားလိုရာဘက်သို့ တိုက်နေသဖြင့် တောင်ပံများကိုဖြန့်ကာ အသာလေးခိုစီးလိုက်သည်.. ဝရံတာဘက်ကိုတော့ ဦးတည့်သွားပေမယ့် ရေစိုသဖြင့် လေးနေသော သူ့တောင်ပံများက သူ့ကိုအောက်ဘက်စိုက်ဆင်းခေါ်သွားသဖြင့် ဝရံတာအမြင့်ကိုရောက်အောင် အလန့်တကြား ပြန်၍ခတ်လိုက်ရသည်.. ဒီအမြင့်လေးကိုတက်ရတာပင် သူ့အတွက် တော်တော်လေးမောဟိုက်နေပြီ..

ဝရံတာကိုရောက်မှ သူထင်သလောက် မကျယ်ဝန်းမှန်းသိလိုက်ရသည်.. လက်ရန်းတွေက မိုးပက်သဖြင့် စိုရွှဲနေ၏.. ပြတင်းပေါက်နှင့် ဝရံတာလက်တန်းဆုံရာ ထောင့်စွန်းလေးတစ်နေရာသာ ကွက်ကွက်ကလေး ခြောက်သွေ့နေ၏.. အဲသည့်လောက်နေရာလေးကပင် မဆိုး.. သူထိုနေရာသို့ တိုးသွားလိုက်ပြီး ရေစက်များကို အားပါးတရခါထုတ်လိုက်သည်.. မိုးမှုန်များပါဝင်နေသော လေတိုက်သဖြင့် အနည်းငယ်အေးသည်ကလွဲလို့ မိုးရေစက်များ သူ့အပေါ် တိုက်ရိုက်မကျ.. ခေါင်မိုးပြင်ကြီးပေါ်မှာလောက် မအေး.. တဖြည်းဖြည်းချင်း သူ့တောင်ပံများခြောက်သွေ့သွားလိမ့်မည်.. မိုးကလည်း မကြာခင်တိတ်သွားမှာပဲ..

ခေါင်းကလေးကိုအသာပု၍ အနားယူရန် သူပြင်နေတုန်းမှာပဲ သူ့နောက်ဘက် မှန်တံခါးမှ ဒုန်းကနဲ အသံကြီးကို ကြားလိုက်ရသဖြင့် အလန့်တကြားပျံသန်းခဲ့ရပြန်သည်.. မိုးရေထဲမှာ တစ်ပတ်လောက်ပျံပြီးမှ ဝရံတာဘက်သို့ သူပြန်လာကြည့်တော့ ပြတင်းပေါက်မှာ ကောင်လေးနှစ်ယောက်ကို မြင်ရသည်.. သူ့ကို လိုလားပုံမရပါ.. ကောင်လေးတစ်ယောက်က ပြတင်းပေါက်မှန်တံခါးကို ဒုန်းကနဲ တစ်ချက်ထပ်ထုပြန်၏.. “H5N1 ကြီးကွ” ဟူသော သူနားမလည်သည့်စကားတစ်ခွန်းကို အချင်းချင်းပြောကြသေးသည်.. ဝရံတာလေးမှ ဝေးရာသို့ ဝမ်းနည်းစွာသူ ထွက်ခွာလာခဲ့ရပြန်ပါသည်..

မွန်းလှပြီ.. ချမ်းလှပြီ.. အတောင်တွေလည်းညောင်းနေပြီ.. မိုးလွတ်ရာနေရာလေးတစ်နေရာ ခိုဝင်စရာနေရာလေးတစ်နေရာတောင် သူရှာမတွေ့နိုင်တော့ဘူးလား.. မျက်လုံးများပြာဝေလာပြန်သည်.. ဘယ်နေရာကို ဦးတည်ပျံသန်းရမလဲမသိတော့.. မိုးမှုန်တွေကြောင့်ရော မောပန်းလွန်းတာကြောင့်ရော သူ့မြင်ကွင်းတွေ ရှင်းရှင်းလင်းလင်းမရှိဖြစ်နေသည်.. လေတိုက်လိုက်ပြန်တော့ သူပြိုယိုင်သွားပြန်သည်.. မတတ်နိုင်တော့ပါ.. ထပ်ပြီးတွန်းကန်ပျံသန်းဖို့ အင်အား သူ့မှာမရှိတော့.. အောက်ဘက်သို့ တရိပ်ရိပ်ထိုးဆင်းနေရင်း “ပွမ်”ဟူသော ဟွန်းသံတစ်ခုကိုသာ နောက်ဆုံးကြားလိုက်ရပြီး သူ့ကမ္ဘာကြီး
မှောင်မိုက်.. .
အေးချမ်း .. သွား. ….

(မိုးသည်းသည်းနေ့လည်တစ်ခုမှာ မြို့လည်ခေါင် ၅ ထပ်အမြင့်ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေခဲ့ပါတယ်.. ငှက်ကလေးတစ်ကောင် မိုးရွာထဲမှာ ဟိုဘက်ပျံလိုက် ဒီဘက်ပျံလိုက်နဲ့ လူးလားခတ်နေပြီး ခဏကြာတော့ မျက်စိရှေ့မှာတင်ပဲ ကားလမ်းမပေါ် ထိုးကျသွားတာ.. ၃.၆.၂၀၀၉ ခုနှစ် ဗုဒ္ဓဟူးနေ့..)

နားရွက်ကလေးရဲ့ပုံပြင်04-05-2009 | 13:09:51 | 20 Comments

နားရွက်ကလေးတစ်ခုကို ကျွန်မဒီလောက်စွဲစွဲလမ်းလမ်းဖြစ်နေမိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့.. နားရွက်ပိုင်ရှင် ကိုတောင် သေချာမှတ်မိသည်မဟုတ်ပါဘဲ နားရွက်ဖြူဖြူလေးကိုတော့ အိပ်မက်ထဲမှာပင် သေချာထင်ရှားစွာ ကျွန်မ မြင်နိုင်နေသည်.. များသောအားဖြင့်တော့ နားရွက်ကလေးကို ဆံနွယ်များက ဖုံးအုပ်ထားလေ့မရှိပါ.. တစ်ခါတလေမှသာ ဆံပင်ရှည်ရှည်လေးများကြားမှ ဖျတ်ကနဲမြင်ရတတ်သည်..

သင်္ကြန်အကျရက်တစ်ခု၏ ညတစ်ညမှာ နားရွက်ကလေးနဲ့ ကျွန်မ စတင်ရင်းနှီးခဲ့ရပါသည်.. တောင်ပေါ်မြို့ကလေး တစ်ခုကို ကျွန်မသွားလည်တုန်း အဲ့ဒီ့က သူငယ်ချင်းများနဲ့ ထိုင်နေကြရင်း ကျွန်မအနောက်ဘက်မှာကပ်ပြီး တစ်ယောက်ယောက်လာရပ်သည်ဟု သိလိုက်ရသည်.. “အော် ဟေ့ရောင်..လာလေ”ဆိုတဲ့နှုတ်ဆက်သံကြားလို့ ကျွန်မလှည့်ကြည့်တော့ သူက ကျွန်မဘေးမှာ ဝင်ထိုင်လိုက်ပြီးပြီ.. အဲ့သည့်မှာပါပဲ.. ကျွန်မအလွန်သဘောကျမိသွားသော နားရွက်ကလေးကို မြင်လိုက်ရတာ..

နားရွက်ကလေးက အတော်လေးဖြူဖွေးပါသည်.. သွေးကြောစိမ်းစိမ်းမျှင်မျှင်လေးများကိုတောင် မြင်နေရသည်အထိပဲ.. သူက ကျွန်မရဲ့ဘယ်ဘက်ဘေးမှာဝင်ထိုင်လိုက်တာဖြစ်လို့ သူ့ညာဘက် နားရွက်ကို အရင်ဆုံးမြင်လိုက်ရတာ.. နားရွက်ကော့ကော့ပျံပျံလေး အခြေနားက စိန်ပွင့်သေးသေးလေးနဲ့နားကပ်လေးက မီးရောင်အောက်မှာ ဖျတ်ကနဲ ဖျတ်ကနဲဖြစ်ဖြစ်သွားတတ်၏.. ထိုညက ပုခုံးထိနေသော ဆံပင်ရှည်ရှည်များကို နားရွက်နောက်မှာ စုသိမ်းထည့်ထားတာမို့ နားရွက်ကလေးကို ရှင်းလင်းစွာမြင်နေရသည်.. ညဘက် မီးရောင်အောက်က စိန်နားကပ်သေးသေးလေးဝတ်ထားတဲ့ နားရွက်ကလေးကို ကျွန်မနှစ်သက်သွားပါသည်..

နောက်နေ့မနက်မှာသူ့ ဘယ်ဘက်နားရွက်ကိုမြင်တော့မှ ကျွန်မ အရူးအမူးဖြစ်သွားတော့၏.. သူက အသားအတော်လေး ဖြူပါသည်.. ဆံပင်များနဲ့အမြဲဖုံးအုပ်နေတတ်လို့လားတော့မသိ.. သူ့နားရွက်ကလေးကလည်း အရမ်းကို ဖြူစွတ် သန့်ရှင်းနေသည်.. ကားလည်းမကားလွန်း ကပ်လည်းမကပ်.. မကြီးလွန်း မသေးလွန်းဘဲ သူ့မျက်နှာကျနဲ့လိုက်ဖက်စွာ ကော့ကော့ပျံပျံလေး.. အဲသည့်နားလှလှလေးမှာမှ သူက ရွှေကွင်းလေးများကို အကြီးအသေးဆင့်ကာ ဝတ်ထားသည်.. အားလုံးပေါင်း ၆ ခုရှိပါသည်.. အသားဖြူဖြူနဲ့ ရွှေကွင်းလေးများက အရောင်ချင်းအရမ်းကို ဟပ်မိနေတာ.. နေထိုး လိုက်တော့ သူ့နားရွက်ထိပ်ဖျားလေးများက နီရောင်သမ်းလာတတ်သေးသည်.. အရောင်များကိုစွဲလန်းတတ်သူ ကျွန်မအတွက် အိပ်မက်ထဲကိုတောင် လိုက်လာနိုင်စေတဲ့ အရောင်အတွဲအစပ်တွေပါပဲ..

အဲသည့်နောက်ပိုင်းရက်များမှာ သူနဲ့ဆုံတိုင်း သူ့ညာဘက်ဘေးမှာပဲ ကျွန်မအမြဲနေတတ်သည်.. မတော်တဆ ဘယ်ဘက်မှာရောက်နေရင်တောင် မသိမသာနဲ့ ညာဘက်ကိုပြန်ရွှေ့တတ်ပစ်လိုက်တာပါပဲ.. တစ်ခါတလေမှာ ဆံပင်များ နဲ့အုပ်နေလို့ နားရွက်ကလေးကို မမြင်ရသောအခါ ကျွန်မ မချင့်မရဲဖြစ်နေတတ်၏.. “လေတိုက်ရင်ကောင်းမယ်” လို့ ကျွန်မကပြောတော့ သူငယ်ချင်းများက ကျွန်မ သိပ်ပူအိုက်နေသည် ထင်ကြသည်.. အမှန်တော့ သူ့ဆံပင်တွေ နားရွက်ကလေးရှေ့ကနေ ဖယ်သွားစေဖို့ လေကို ကျွန်မတောင့်တမိတာပါ.. စကားပြောရင်း အမှတ်တမဲ့နဲ့ ဆံပင်ကို စုသိမ်းလိုက်တဲ့အခါမျိုးဆို သူ့ကိုသိပ်ကျေးဇူးတင်မိသည်.. နားရွက်တင်မက လူကိုပါ သိပ်ချစ်မိသွားသလို.. ဒါပေမယ့် စားပွဲပေါ်လက်တင်ပြီး အကြာကြီး မေးထောက်ထိုင်နေသောတစ်ခါတော့ သူ့ကိုအရမ်းအမြင်ကပ်သွားဖူးပါသည်.. ကျွန်မချစ်သော ရွှေကွင်းလေးများနဲ့နားရွက်ကလေးကို မမြင်ရဘဲ သူ့လက်ချောင်း ရှည်ရှည်သွယ်သွယ်များကိုသာ ဖယ်တော့မလား ဖယ်တော့မလားနဲ့ စောင့်ကြည့်နေရလို့လေ..

နားရွက်ကလေးက ဘာသီချင်းတွေနားထောင်လေ့ရှိလဲ.. ဘာတွေနားထောင်ရတာကြိုက်သလဲ.. ဘယ်လိုစကားမျိုး တွေကို နားထောင်ဖို့ စိတ်ဝင်စားသလဲ.. ဒီလောက် အကွင်းတွေအများကြီးဝတ်ထားတာ ညအိပ်တဲ့အခါ ဖိပြီးအိပ်မိရင် နားရွက်ကလေး မနာဘူးလား.. နေထိုးလိုက်ရင် နီရဲလာတတ်တဲ့ နားရွက်ကလေးက အပူဒဏ်ကိုလည်း ခံနိုင်သလား.. နားရွက်ကလေးအကြောင်းကို ကျွန်မသေသေချာချာသိချင်နေတတ်ပါသည်.. ရွှေကွင်းလေးများကို ကျွန်မလက်နဲ့ ထိကိုင်ကြည့်ချင်လာသည်.. နားရွက်ဖျားကလေးကို ကျွန်မလက်နဲ့ထိကိုင်လိုက်ရင် နားရွက်ကလေး နှစ်သက်ပါ့မလား.. သူကရော ဘယ်လိုများထင်မလဲမသိ.. ကျွန်မတို့ သူငယ်ချင်းတွေ ဓာတ်ပုံစုရိုက်တော့ သူ့ကို ဆံပင်တွေနားရွက်နောက်မှာ သိမ်းထားဖို့ပြောတုန်းကတောင် သူက အူကြောင်ကြောင်နဲ့ကြည့်နေခဲ့သေးသည်..

ကျွန်မ အဲသည့်မြို့ကပြန်လာတော့ လိုက်ပို့ကြသည့် သူငယ်ချင်းများထဲမှာ သူ မပါလာပါ.. ဒါကြောင့် ကျွန်မ၏ နားရွက်ကလေးကိုလည်း နှုတ်ဆက်ခွင့်မရလိုက်တော့.. နားရွက်ကလေးကို ကျွန်မလွမ်းပါသည်.. အဲ့သည်လောက် ဖြူစွတ်လှပသော နားရွက်ကလေးနောက်တစ်ခု ထပ်တွေ့နိုင်ဦးမလား.. အဲလိုပဲ ရွှေကွင်းလေး ၆ ခုနဲ့.. အဲလိုပဲ ဆံနွယ်ရှည်ရှည်လေးများကြားကလေ.. မဖြစ်နိုင်ဘူးလို့ ကျွန်မစိတ်ကသိနေပါသည်.. တောင်ပေါ်မြို့ကလေးကို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ဖို့.. ဒါမှမဟုတ် ကျွန်မ၏ နားရွက်ကလေးကိုပဲ မမျှော်လင့်ဘဲ ပြန်တွေ့လေမလားလို့ ရှာဖွေရတာကမှ မျှော်လင့်ချက်ရှိသေးသည်..

ရန်ကုန်မြို့၏ လမ်းမများပေါ်လျှောက်တိုင်း နားရွက်ကလေးများကို သတိထားကြည့်မိနေတတ်သော မိန်းမတစ်ယောက်ကို မြင်ဖူးကြပါသလား.. ထိုမိန်းမသည် တစ်ချို့ညတွေမှာ….သွေးကြောစိမ်းစိမ်းလေးများပေါ်နေသော.. ထိပ်ဖျားလေး နီနေသော.. ရွှေကွင်းလေး ၆ ခု၏ အရောင်ပြန်ဟပ်နေတတ်သော နားရွက်ဖြူဖြူလေးကို အိပ်မက်မက်နေတတ်ပါသည်..

တည်နေရာများပုံပြင်31-03-2009 | 10:58:00 | 15 Comments

ဘဝ ..
ထိုမိန်းမသည် ရန်ကုန်တွင်နေသည်..
သူမ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသည် ရန်ကုန်က သူမမိဘအိမ်တွင် တစုတဝေးထဲ နေကြ၏.. သူတို့သည် သူမ ဦးနှောက်၏ အမိန့်ပေးစေခိုင်းချက်များအတိုင်း ပုံမှန်အလုပ်လုပ် ကြပါသည်.. မိဘအိမ်သည် သူမ၏ဘဝလည်းဖြစ်သည်..

ဝိဥာဉ် ..
ထိုမိန်းမ၏ ဝိဥာဉ်သည် တောင်ကြီးကဖြစ်သည်..
ဝိဥာဉ်သည် ဝိဥာဉ်ပီသသောကြောင့် ဖြူစွတ်ပါးလှပ်သော သဏ္ဍာန်ရှိပါသည်.. ကောင်းကင်မှာ ပြေးလွှားနေသော တိမ်ထုဖြူဖြူများကို မြင်လျှင် ဝိဥာဉ်လေးကိုသတိရမိကြောင်း သူမက ပြောဖူးသည်.. တိမ်ထုများသည် ပုံသဏ္ဍာန်အတည်တကျမရှိပါ.. အမြဲပြောင်းလဲနေတတ် သည်.. သို့သော် များသောအားဖြင့်တော့ တိမ်ဆိုသည်မှာ အဖြူရောင်ရှိပြီး ပါးလျနူးညံ့သည်ဟု လူအများက သတ်မှတ်ထားပါသည်.. သူမကလည်း ထိုသို့ပင် သတ်မှတ်၏..

နှလုံးသား ..
ထိုမိန်းမ၏ နှလုံးသားသည် လားရှိုးဇာတိဖြစ်ပါသည်..
နှလုံးသားသည် ပူနွေးသော သွေးလည်ပတ်မှုကိုဖြစ်စေ၏.. သူမစိတ်တွေကို နွေးထွေးစွာ လုံခြုံစေပါသည်.. အချစ်ဟူသော ခံစားမှုကိုလည်း နှလုံးသားက ခံစားသည်ဟု ဆိုကြသည်.. အချစ်ကို မြေနီလမ်းလေးတစ်ခုနှင့် တူသည်ဟု သူမကပြောလျှင် အားလုံးလက်ခံကြမည်လား.. (ကျွန်မကတော့ လက်ခံလိုက်ပါသည်).. ရိုးရှင်း၍ချစ်စရာကောင်းသော မြေလမ်းနီနီလေး.. အဖုအထစ် အကွေ့အကောက်တွေရှိသော်လည်း ရှည်လျားပါသည်..  အဆုံးကို မမြင်ရ.. ဘယ်တော့မှဆုံးမှာမဟုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်သေးသည်..

အတွေးများ ..
ထိုမိန်းမ၏ အတွေးများသည် ကျွန်းဆွယ်နိုင်ငံတစ်ခုမှာ ပုန်းအောင်းနေပါသည်..
အတွေးများက သူမစာရေးနိုင်ရန် စာဖတ်ရန် ပန်းချီဆွဲရန် ကဗျာရေးရန် ကဗျာဖတ်ရန် ဒီဇိုင်းများတီထွင်ရန် လင်းလက်သောဥာဏ်ကိုပေး၏.. နေရောင် လရောင်များကို သူမ မချစ်ပါ.. အနက်ရောင် ကောင်းကင်ထဲက ကြယ်ကလေးများ၏ ဖျိုးကနဲ ဖျတ်ကနဲအလင်းရောင်လေး များမှာသာ အားထားစရာဖြစ်ပါသည်  ဟုဆိုသည်.. ကြယ်ကလေးတစ်လုံး ဖြုတ်ကနဲကြွေကျ သွားတိုင်း သူမရင်မှာ စူးအောင့်ခြင်းဝေဒနာ ဖြစ်ပေါ်တတ်ကြောင်း ကျွန်မကြားဖူးထားပါသည်..

ရယ်မောသံ ..
ထိုမိန်းမ၏ ရယ်မောသံများသည် အင်မတန်သေးကွေး၍ တိုးတက်ခေတ်မီသော နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပါသည်..
ရယ်သံများကို ချစ်တတ်သော သူမသည် မိုးရွာပြီးစ သစ်ရွက်သစ်ပင်များ စိမ်းစိုလတ်ဆတ် နေသောအခါ ပျော်ရွှင်ရယ်မော၏.. ရယ်မောခြင်းကြောင့် သူမကို လူအများက နှစ်လိုပါသည်.. သူမအတွက်လည်း ခွန်အား ဖြစ်စေပါသည်.. ထို့ကြောင့် သူမ ရယ်ပါသည်.. စိမ်းစိုခြင်း လတ်ဆတ်ခြင်း ပေါ့ပါးလွတ်လပ်ခြင်းနှင့် ပျော်ရွှင်ရယ်မောခြင်း.. အစိမ်းရောင်သည် သူမကို ရယ်မောအောင် စွမ်းဆောင်နိုင်ပြန်သည်..

တည်နေရာတွေအကြောင်း ..
မြေနီလမ်းကလေး.. သစ်ပင်များနှင့် မိန်းမတစ်ယောက်သည် တိမ်ဖြူဖြူများပြေးလွှားနေသော ကြယ်ရောင်လင်းလက်နေသည့် ကောင်းကင်အောက်ရှိ မြို့တစ်မြို့မှာ နေပါသည်..

လူသားပုံပြင်23-03-2009 | 10:22:32 | No Comments

ညသည် တိတ်ဆိတ်နေသည်..
ကောင်လေးသည် ဂစ်တာကိုစပြီး တီးခတ်လိုက်၏.. “အိပ်မက်လေးမက်ရုံနဲ့ ငါကြေကွဲတတ်ပြီပဲ xxx အရာရာ အရင်အတိုင်း ငါလေ မမေ့နိုင်ဘူး”.. သူ့အသံသူ သဘောကျသွားသော ကောင်လေးသည် ကျေနပ်စွာပြုံးလိုက်သည်.. ဂစ်တာလေးကတော့ သိပ်စိတ်ပါပုံမရ.. ငိုက်မြည်းနေသလိုပင်.. စိတ်ပါတက်ကြွနေသော ကောင်လေး၏အသံနှင့် မလိုက်ဖက်လှပါ.. စိတ်ပျက်လက်ပျက် ဂစ်တာကို ဘေးချလိုက်သည်..

ညနက်နက်၏ လေအေးက သုတ်ကနဲတိုက်လာပြန်သည်။ လေက ညမွှေးပန်းတွေဆီက ရနံကိုခိုးလာ၏.. ခိုးလာတာသေချာသွားသည်မှာ ကောင်လေးနားအရောက်တွင် သူခိုးလာသော ရနံ့များကို အလန့်တကြားလွှတ်ချခဲ့ခြင်းကြောင့်ဖြစ်သည်.. ကောင်လေးနားမှာ ညမွှေးပန်း ရနံ့တွေ ဖရိုဖရဲပျံ့ကျဲကျန်ခဲ့သည်.. ကောင်လေးက မကောက်.. စုသိမ်းလိုက်ဖို့လည်း စိတ်မဝင်စားလှပါ.. ဝရံတာထောင့်ရှိ စံပယ်ပန်းအိုးထဲမှ ပန်းများကတော့ ကစင့်ကလျား ရောက်လာသည့် ညမွှေးပန်းများကို စကားတင်းဆိုနေကြသည်.. ညမွှေးပန်းနံ့ချိုချိုအီအီကြောင့် စံပယ်ပန်းများဆီက သင်းသင်းပျံ့ပျံ့ရနံ့ကို မရတော့တာတော့ အမှန်ပဲ.. ဒါပေမယ့်လည်း အလကားသက်သက် မနာလိုဖြစ်နေကြတာပါ.. စံပယ်ပန်းတစ်ပွင့်ကို ခူးခြွေကာ ဝရံတာ အပြင်ဘက် ခပ်ဝေးဝေးကို လွှဲ၍လွှတ်ပစ်လိုက်သည်..

ငှက်တစ်ကောင်က “ကစ်”ကနဲ အော်မြည်ကာ ကောင်လေးရှေ့ဝရံတာဆီမှ ဖြတ်ပျံသွား၏.. ငှက်ဆိုးလား.. ဖျတ်ကနဲ ကဗျာအပိုင်းအစတစ်ခုကို သတိရသွားမိသည်.. “အော်သံခြင်းတူတူ.. အချိန်ရယ်နေရာရယ်လွဲရင် အဓိပ္ပါယ်ကွဲတဲ့ လောကကြီးမှာ ကျွန်တော်ဟာ အဆိုးတွေချည်းပဲ သယ်ဆောင်လာမယ့် ငှက်တစ်ကောင် မဟုတ်ပါဘူး မေမေ” တဲ့.. ကောင်လေးအတွေးများကို သိနေသလိုပင် ကြယ်ကလေးတွေက ပြုံးနေကြသည်.. ကြယ်တွေအများကြီးပဲ.. လမရှိသောည၏ ကြယ်များက တောက်ပဝင့်ကြွားလွန်းသည်.. ခုနှစ်စဉ်ကြယ်တန်းက ၇ နဲ့ သိပ်မတူလှပါဘူး ပြောကြလွန်းလို့ သူတို့ကိုယ်သူတို့ ပိုမိုကွေးညွတ်ရန်ကြိုးစားနေကြ၏.. ခွန်ဆန်လောနဲ့ နန်းဦးပြင်ကလည်း ကြားကတံပိုးလေးကိုကျော်ဖြတ်ပြီး ဆုံစည်းနိုင်ဖို့ ကြိုးစားဆဲ..

အားလုံးသူ့အလုပ်တွေနဲ့သူ ရှုပ်နေကြပါလား.. ကောင်လေး စဉ်းစားတွေဝေသွားသည်.. ငါရော ဘာလုပ်နေတာလဲ.. အဖြေရှာမရပါ.. အားကိုးတကြီးဖြင့် ဘေးမှာချထားသော ကော်ဖီခွက်ကလေးကို လှမ်းမေးလိုက်သည်.. `ငါဘာလုပ်နေတာလဲဟင်´.. ကော်ဖီခွက်ကလေးက မဖြေအား.. သူ့ထဲမှာရှိနေသော ကော်ဖီတွေ အေးမသွားအောင် မနည်းချော့မော့ ထိန်းသိမ်းနေပုံရသည်.. ကော်ဖီရည်များကလည်း မနေ.. ညလေအေးအေး အောက်မှာမို့ ပူနွေးခြင်းအခြေအနေကနေ အေးစက်ခြင်းအခြေအနေကို ရောက်အောင် အလုအယက်ကြိုးစားနေကြသည်.. မေးတာကိုမဖြေဘဲ အလုပ်ရှုပ်နေကြသောကြောင့် နည်းနည်းအမြင်ကပ်သွားသဖြင့် အေးစက်စပြုနေသည့် ကော်ဖီရည်များကို အလျင်အမြန် မျိုချပစ်လိုက်သည်.. ကော်ဖီများက ဝမ်းဗိုက်ထဲသို့ အလုအယက်ခုန်ဆင်းကြပြန်သည်.. ဒီကောင်တွေ ဘယ်နေရာမဆို အလုအယက်ပဲ လုပ်တတ်ကြတယ်ထင်တယ်.. `ကဲ ကော်ဖီတွေလည်းမရှိတော့ဘူး.. ဒီတော့ ငါမေးနေတာကို အခုဖြေတော့´.. ကော်ဖီခွက်ကလေး ကို ခခယယတောင်းဆိုလိုက်သော်လည်း ခွက်ကလေးက အသက်မဲ့စွာငြိမ်သက်သွားသည်.. ကောင်လေး အူကြောင်ကြောင်ဖြစ်သွား၏.. စံပယ်ပင်များဆီမှ အသံကြားရပြန်သည်.. `ကော်ဖီမရှိမှတော့ ကော်ဖီခွက်ဆိုပြီးရှိပါဦးမလား.. သွားမေးနေလည်း ဟိုက ဘယ်လိုဖြေနိုင်မှာလဲ.. အလကား သိလည်းမသိဘူး´ ..

အော် ဒီလိုလား.. ကောင်လေးက ကော်ဖီခွက်ကလေးကို မကာ သေချာကြည့်လိုက်သည်.. ခုနက ကော်ဖီရည်များကို ချော့မော့ထိန်းသိမ်းနေသည့် မျက်နှာချိုချိုကော်ဖီခွက်လေးမှာ ခုတော့ မျက်နှာထားတည်တည်နှင့် မျက်စိများမှိတ်လျက်.. ကော်ဖီမထည့်ထားရင် ကော်ဖီခွက်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့လေ.. ကော်ဖီကခွက်ထဲမှာနေတယ်.. ကော်ဖီခွက်က ကော်ဖီကို ထိန်းသိမ်းတယ်.. ကြယ်တွေကအလင်းပေးတယ်.. ပန်းတွေက အနံ့မွှေးတယ်.. လေက ပန်းရဲ့အနံ့ကိုသယ်ဆောင်တယ်.. ဂစ်တာက အသံမြည်တယ်.. ငါ့ဦးနှောက်က ကဗျာတွေကို မှတ်တယ်.. ငါ .. လူသားက ဘာလုပ်နေတာလဲ.. ဒုတိယအကြိမ်အဖြစ် ကောင်လေးက တွေးပြန်သည်..

အဖြေရှာမရဘဲ စိတ်ရှုပ်ထွေးလာသဖြင့် ကောင်လေးသည် အခန်းထဲသို့ ပြန်ဝင်ခဲ့၏.. အိပ်ရာပေါ်ပစ်လှဲချလိုက်ရင်း ဘာမှမတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ကြိုးစားမိသည်.. အိပ်ရာတစ်ခု၏ တာဝန်ကို အစွမ်းကုန်ကျေပွန်သော ကောင်လေး၏အိပ်ရာလေးသည် နူးညံ့သောအိစက်ညက်ညောမှုနှင့် နွေးထွေးမှုကိုပေးပြန်၏.. ကောင်လေး၏ ဦးနှောက်များက မျက်လုံးများကို အနားယူရန်စေခိုင်းနေသည်.. မျက်ခွံများကလည်း လိုက်နာကြသည်.. စိတ်များကလည်း လိုက်နာကြသည်.. ခေါင်းထဲက အတွေးရှုပ်ရှုပ်များအားလုံးကိုမေ့ပြီး အိပ်ပျော်သွားဖို့ ကောင်လေး၏ ခန္ဓာကိုယ်ထဲမှ အရာများ ဟန်ချက်ညီညီ အလုပ်လုပ်ကြပြီး နောက်ဆုံးတွင် တာဝန်ကျေပွန်သော သက်ရှိသက်မဲ့ သဘာဝတရားများကြား လူသားတာဝန်ဘာဆိုသည်ကို နားမလည်သည့် လူသားတစ်ဦး အိပ်မောကျသွားပါတော့သည်..

အူဝဲပုံပြင်07-03-2009 | 03:56:00 | 7 Comments

ကျူရှင်က ဆင်းတာနဲ့ ပိတ်ထားသောဖုန်းကိုပြန်ဖွင့်လိုက်သည်.. ကျူရှင်သင်နေတုန်းလေး ၃ နာရီမှာ မက်ဆေ့ခ်ျတွေဝင် ထားတာ မနည်းပါလား.. စာတွေဖတ်ရင်းလှေခါးကိုဆင်းလာရင်းမို့ သွက်သွက်မဆင်းမိ.. နောက်ကပြေးဆင်းလာကြတဲ့ အုပ်စုတစ်စုက ၀င်တိုးသွားကြသည်.. တောက်.. အင်္ကျီတွေကျေကုန်တော့မှာပဲ.. သွားစရာရှိပါသေးတယ်ဆိုမှ..

အောက်ကိုရောက်တော့ ဘယ်ညာကြည့်.. ကားကလာမကြိုသေးပြန်ဘူး.. ကျူရှင်ဆင်းတာ ၅ နာရီခွဲပါဆိုမှ အမြဲနောက်ကျနေတဲ့ အဲ့ဒိဒရိုင်ဘာ.. စိတ်တိုတိုဖြင့် အိမ်ကိုဖုန်းလှမ်းဆက်ရပြန်သည်.. အိမ်ကနေ ခုမှထွက်သွားတာတဲ့.. ဒီကိုရောက်လာဖို့ဆို မိနစ် ၂၀ လောက်တော့ ကြာဦးမှာ.. စိတ်တိုတိုနဲ့ပဲ လှေခါးခြေရင်းလေးမှာ ရပ်စောင့်နေလိုက်သည်..

တိုက်ရှေ့မြေကွက်လပ်မှာ ၈ နှစ် ၉ နှစ်အရွယ် ကလေးတွေ ကစားနေကြသည်.. ဖုန်မှုန့်တွေလွင့်လွင့်လာလို့ သူမ ဘေးသို့ရွှေ့ရပ်လိုက်ရ၏.. စည်းဝိုင်းထဲက လူတွေက ဘာရောင်လဲလို့မေးလိုက်ရင် စည်းပြင်က လိုက်ရသည့်ကလေးက အရောင်ကိုပြော ကျန်ပြေးတဲ့သူတွေက အဲ့ဒီအရောင်ကို ပြေးကိုင်ရသည့် ကစားနည်းဖြစ်သည်.. သူမ ကစားဖူးခဲ့သလိုလိုပဲ.. သို့သော် သိပ်မမှတ်မိပါ.. သူမကြည့်သလောက် ကလေးတွေ ပျော်ပုံမရပါ.. လိုက်ဖမ်းရမည့် အသားဖြူဖြူ ဂါဝန်အပြာနဲ့ ကလေးမလေးက ကစားခြင်းထက် လက်ထဲက ကိတ်မုန့်ကိုပိုမက်မောနေသလိုပဲ.. “အူဝဲက လိုက်လည်း မဖမ်းဘူးဟာ” ဟုပြောကာ စည်းဝိုင်းထဲမှ အသားညိုညိုကောင်မလေးက ၀ိုင်းပြင် ထွက်လာသည်.. “မကစားတော့ဘူး”တဲ့..


အဲဒိကလေးမလေးကိုကြည့်ပြီး သူမပြုံးမိသွားသည်.. သူမငယ်ငယ်ကလည်း အဲလိုပဲ ကစားရင်း စိတ်မလိုမကျဖြစ်လာလျှင် မကစားတော့ဘူးဟု ဆိုကာ ကစားဝိုင်းအပြင်ထွက်သွားတတ်သည်.. သို့သော် ဘယ်သူငယ်ချင်းကမှ မလုပ်ပါနဲ့လာပါလို့ ခေါ်လေ့မရှိပါ.. ကျန်ကလေးများနဲ့ ဆက်ပြီးကစားတာပါပဲ.. အခု ၀ိုင်း ပြင်ထွက်လာတဲ့ အသားညိုညိုကလေးမလေးလည်း ခဏနေရင် မယောင်မလည်နဲ့ ကစားဝိုင်းထဲ ပြန်ဝင် မှာပါပဲ..


သို့သော် သူမအထင်မှားသွားပါသည်.. ကျန်သောကောင်လေး ၂ ယောက်နဲ့ ကောင်မလေး ၃ ယောက် က “ဟာ မိဘုတ်ကလည်း.. လာပါဟ ကစားပါ. နင်မပါရင် ငါတို့လည်းမကစားဘူးလေ” လို့ ဘေးနားမှာ သွားထိုင်နေကြပါသည်.. အူဝဲလို့ခေါ်တဲ့ ကိတ်မုန့်စားနေတဲ့ ကလေးမလေး တစ်ယောက်ထဲသာ ယောင်ချာချာရပ်ကျန်ခဲ့၏ .. အူဝဲအစား သူမစိတ်ကျဉ်းကျပ်နေမိပါသည်.. သူမငယ်ငယ်ကလည်း အူဝဲလိုပဲ.. ရွယ်တူသူငယ်ချင်းများနဲ့ တစ်ခါတလေမှ ကစားခွင့်ရခဲ့ပြီး ကစားတိုင်းလည်း သူတို့နဲ့တန်းတူ မပြေးလွှားနိုင်.. ပြေးတမ်းလိုက်တမ်းကစားလို့ သူမလိုက်ရတဲ့အလှည့်များလာလျှင် သူမ မလိုက်ချင်တော့.. ခုနက အူဝဲ လုပ်သလိုပဲ မဖမ်းချင်ဖမ်းချင်နဲ့ ဖမ်းလေ့ရှိသည်.. သူငယ်ချင်းများက အဲဒါကို မကျေနပ်ပါ.. ထို့ကြောင့် သူမကစားဝိုင်းထဲဝင်မည်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့..


သူငယ်ချင်းများ ကစားနေသည့်လမ်းဘေးမှ သူမတို့အိမ်ကကားဖြတ်သွားတိုင်း ကားပေါ်မှာ အားရ၀မ်းသာ သူမ တာ့တာပြလေ့ရှိသည်.. သူတို့က ဒါကိုပဲ မကျေနပ်သည်လားတော့မသိ.. သူမတာ့တာပြတိုင်း မမြင်ချင်ယောင်ဆောင်သွားလေ့ရှိပါသည်.. အိမ်ပြင်ထွက်ကာ သူငယ်ချင်းများနှင့်ကစားချင်တိုင်း မကြည်မသာဖြစ်တတ်သော မေမေ့ကို ခွင့်တောင်းရတာပင်ပန်းသလို ငါဝင်ပါရင် သူတို့ကကြိုက်ပါ့မလားလို့ တွေးပူနေရတတ်တာကလည်း ဒုက္ခတစ်ခုပါပဲ.. သူငယ်ချင်းတွေနဲ့ အဆင်မပြေဖြစ်ပြီး ငိုချင်ခြင်းပြင်းပြစွာ အိမ်ထဲပြန်ဝင်လာရင် မေမေက “ညစ်ညစ်ပတ်ပတ်တွေကစားလာပြန်ပြီ.. ပြီးရင် ဟိုကလေးတွေနဲ့ တည့်တာလည်းမဟုတ်.. နောက်မသွားရဘူး” လို့တားမြစ်မှာစိုးလို့ ပြုံးပျော်ဟန် ဆောင်နေရခဲ့တာတွေ.. ပြန်တွေးရင်း သူမ မောဟိုက်လာသည်..


အခုလည်း မိဘုတ်နဲ့တခြားကလေးတွေ ကစားနည်းအသစ်တစ်မျိုးပြောင်းဆော့ဖို့ ပြင်နေပြီ.. အူဝဲလေးကတော့ ကိတ်မုန့်လေးကိုကိုင်ရင်း ခပ်ငေးငေးကြည့်နေဆဲ.. ဘယ်သူကမှလည်း အူဝဲလာလေလို့ မခေါ်ကြပါလား.. အူဝဲ ကလည်း ငါလည်းပါမယ်လေ လို့ ပြောရဲမည့်ပုံမပေါ်ပါ.. ကျန်ကလေးတွေ ထုပ်ဆီးတိုးကြတော့မည်.. အဖွဲ့ ၂ ခုဖြစ်အောင် လူခွဲနေကြပြီ.. သူတို့ကစားနေကြသည့် တိုက်ဘေးမှ ခြံထဲကနေ အိမ်အကူဖြစ်ပုံရသည့် မိန်းမတစ်ယောက်ထွက်လာကာ “အူဝဲရေ လာတော့ ဖွားဖွားခေါ်နေပြီ” ဟုပြောပါသည်.. ကလေးလေးကလည်း ခပ်ငိုင်ငိုင်လေးဖြင့် ထိုမိန်းမဆွဲခေါ်ရာနောက်သို့ လိုက်သွား၏.. ထုပ်ဆီးတိုးနေသည့်ကလေးများ တစ်ယောက်ကမှ လှည့်မကြည့်ပါ.. ကစားရင်း ချော်လဲသွားသည့် ကလေးမလေးတစ်ယောက်ကို ၀ိုင်းပြီး ချော့မော့နေကြသည်.. “မနာပါဘူးနော် ဖြူလေး.. မငိုနဲ့.. ကိုတိုးကို မမဘုတ်ရိုက်လိုက်မယ်နော်.. သိလား..”


အခုမှ သူမ သတိထားမိသွားသည်.. လှေခါးဆင်းတုန်းက သူမကို ၀င်တိုးတိုက်သွားသည့် သူငယ်ချင်းများသည် သူတို့တိုက်လိုက်သည့် အရှိန်ဖြင့် သူမ လှေခါးမှ ပြုတ်ကျသွားနိုင်သည်ဟု တစ်ယောက်မှ သတိထားမိသည့်ပုံ မပေါ်ပါလား.. သူမှ ဟန်ချက်ပျက်သွားသလား.. ယိမ်းယိုင်လဲပြိုကျန်ခဲ့ သလားလို့ တစ်ယောက်မှ လှည့်မကြည့်ပါလား.. သူမ သူငယ်ချင်းများသည် သူမကို ချစ်ခင်ပါရဲ့လား.. တစ်အိမ်လုံးမှာ လိုတရ မျက်နှာတစ်ချက် အညိုမခံခဲ့ရသူ သူမသည် ဟိုး ငယ်ငယ်လေးကတည်းက သူငယ်ချင်းများနှင့် သိပ်မတည့်ခဲ့ပါ.. မျှဝေတတ်သောအကျင့် သူမမှာ မရှိခဲ့.. သူငယ်ချင်းဆိုတာ မရှိလည်း သူမဘ၀အဆင်ပြေနေသားပဲလေ.. ကျောင်းသွား ကျူရှင်သွား.. အိမ်မှာနေ.. တီဗီကြည့်.. သွားလိုရာကို အိမ်ကလိုက်ပို့ပေးတတ်ပြီး.. သူမ အထီးကျန်စွာ ကြီးပြင်းခဲ့သည်..


သူမရှေ့မှာကားလာရပ်တော့မှာ အတွေးများကိုဖြတ်လျက် ကားပေါ်တက်ခဲ့သည်..
“အိမ်ကိုပဲမောင်းတော့ ဦးလေး.. မြေနီကုန်းမသွားချင်တော့ဘူး” ..


ထုပ်ဆီးတိုးနေသည့် မိဘုတ်တို့ကတော့ ကားပေါ်မှနေ၍ သူတို့ကို ငေးကြည့်ရင်း တွေဝေစဉ်းစားသွားသည့် အူဝဲ ကိုယ်ပွားတစ်ဦးကို သတိမထားလိုက်မိမည် မထင်ပါ..

ညတစ်ညပုံပြင်05-02-2009 | 00:00:00 | 16 Comments

အခု ငါဖြစ်နေပုံကို မင်းတွေ့ရင် ငါ့ကိုအရူးလို့ပြောမယ်ထင်တယ်.. ဟုတ်တယ်.. မင်းရယ်မှာပဲ.. ပြီးရင် “အဲဒိလောက်တောင်ပဲလားကွာ” လို့ မင်းရယ်ဟဟနဲ့ပြောမယ်.. မျက်လုံးကိုထောင့်ကပ်ပြီး နှုတ်ခမ်းထောင့်စွန်းလေး ကွေးလို့ မင်းပြုံးရင် ငါ့ဘယ်ဘက်ရင်အုံက လှပ်ခနဲခုန်သွားတတ်တာ ဘာကြောင့်လဲ မသိဘူးနော်.. တကယ်တော့ကွ.. ငါ ဒီနေ့ မြတ်ဟိန်းနဲ့ချိန်းထားတာ.. သူ့အိမ်မှာသွားအိပ်မယ်ပေါ့.. သူအသစ်ရေးထားတဲ့ သီချင်းတွေ ဂစ်တာတီးပေး ရမယ်.. ဒါပေမယ့် မင်းကပြောတယ်မဟုတ်လား.. ဖုန်းဆက်ဖြစ်ရင်လည်း ဆက်ဖြစ်မယ်ဆို.. အဲဒါနဲ့ပဲ ငါသူနဲ့ ချိန်းထားတာ ဖျက်ပစ်လိုက်တယ်.. သူက ပြောတယ်.. “မင်းေ-ာက်ရူးပဲ”တဲ့… “မင်း ငါ့အိမ်ရောက်နေတော့ ငါ့အိမ်ဖုန်းကိုပေးထားလိုက်ပေါ့.. အဲလိုဆိုသူကဆက်မရတော့ဘူးတဲ့လား” .. အေး.. ဟုတ်တယ်နော်.. တကယ်တော့ ဖုန်းပဲ.. ဘယ်အိမ်အိပ်အိပ် ဆက်လို့ရတာပဲ.. ဒါပေမယ့် ဒီလိုလေ.. သူများအိမ်ကိုဆိုရင် မင်းဆက်ချင်ပါ့မလား.. အားနာနေမလား.. ငါလည်း အဲ့ကောင်ရှေ့မှာ မင်းနဲ့ဖုန်းမပြောချင်ပါဘူး.. ပြီးတော့ အဲ့ကောင်ဆီရောက်သွားရင်က အဲ့ကောင်က တိုက်တော့မှာ.. ပထမ ၁ ပက် ၂ ပက်.. နောက် ပြားဝက်.. နောက်တစ်ပြား.. နောက်ထပ်တစ်ပြား.. နောက် အတောင့်တွေပါဆက်.. အာ .. မဖြစ်ဘူး မဖြစ်ဘူး.. မင်းဖုန်းဆက်တဲ့အခါ ငါ မူပျက်နေရင်.. စကားတွေ မှားကုန်ရင် မင်းစိတ်ဆင်းရဲရမှာကို စိုးပါတယ်..

ဒါနဲ့ပဲ အခု ငါ့မှာ ယောင်ချာချာနဲ့ပေါ့.. ပေ ၆၀ ပတ်လည် တိုက်ခန်းထဲမှာ ငါလမ်းလျှောက်နေတာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ဘူး.. မီးကလည်း ပျက်နေတယ်ကွ.. အင်ဗာတာလည်း မနေ့က အားမသွင်းထားမိဘူး.. ဒီကြားထဲ.. မနက်က အပြင်သွားတုန်းက ပြတင်းပေါက်ကို မေ့ပြီးဖွင့်ထားခဲ့မိလို့ အိမ်ထဲမှာလည်း ခြင်တွေနဲ့.. ဒီကောင်တွေ ဆိုးတယ်.. ငါ့ပဲလိုက်ကိုက်နေကြတာပဲ.. အေးလေ.. အခန်းထဲမှာလည်း ငါပဲရှိတာကိုး.. မှောင်မှောင်မဲမဲဆိုတော့ သူတို့ဘက်က တစ်ပန်းသာနေတာပေါ့.. ၀ရံတာကနေ လေအေးအေးလေးတွေ လာနေတယ်.. ငါစဉ်းစားနေတာ.. ဂစ်တာလေးယူပြီး ၀ရံတာသွားထိုင်နေရမလားလို့လေ.. ဒါပေမယ့်ခက်တာက ဖုန်းလာရင် ဖုန်းသံကို ငါမကြားရမှာ စိုးတယ်.. ၀ရံတာကိုထွက်လိုက်ရင်က အောက်က ကားတွေဖြတ်သွားနေတာဆိုတော့ ဆူတယ်လေ.. ဒီကြားထဲ ငါက ဂစ်တာတီးနေဦးမှာဆိုရင် ဖုန်းမြည်တဲ့အခါမကြားရင် ဒုက္ခ.. တော်ပါပြီလေ.. မသွားတော့ဘူး.. ဒီအတိုင်းပဲ အမှောင်ထဲ ထိုင်နေတော့မယ်..

ညနေက အလုပ်ကပြန်လာပြီး ထမင်းတောင်ဖြောင့်ဖြောင့်မစားဖြစ်ဘူး.. တကယ်ဆို ထမင်းစားချိန်က ၇ နာရီ.. မင်းက ဖုန်းဆက်ရင် ညမှဆက်တာမဟုတ်လား.. ဒါပေမယ့် တော်ကြာ ဆက်နေလို့ ကိုင်မယ့်သူမရှိရင် မဖြစ်ဘူးဆိုပြီး ထမင်းဆိုင်မှာ အမြန်စား.. အပေါ်ကို ပြေးတက်လာခဲ့တာ.. ထမင်းစားပြီးပြီးချင်း ပြေးမိလို့လားမသိ.. ဗိုက်အောင့် နေတယ်ကွာ.. ဆေးလည်း ပြန်ဆင်းမ၀ယ်ချင်တော့ဘူး.. ဒီ ၇ ထပ်ကြီး တက်ဆင်းနေတာနဲ့ပဲ မင်းဖုန်းဆက်တာ လွတ်သွားရင် ငါပဲ စိတ်ညစ်ရမှာ.. ဗိုက်ရယ် .. မအောင့်ပါနဲ့တော့..

ခုနက မြတ်ဟိန်းဖုန်းဆက်သေးတယ်.. ခွေးကောင်.. စကားကိုပေရှည်အောင်ပြောပြီး ရစ်နေလို့ ဆဲပစ်လိုက်တယ်.. “၁၀ နာရီလည်း ထိုးပါပြီကွာ.. မဆက်လောက်တော့ပါဘူး” တဲ့.. ကွာ.. ပါးစပ်ပုတ်ကြီးနဲ့.. မဆက်ဘူးဆို မဆက်ဘူးပြောမှာပေါ့.. ခု မင်းက.. ဆက်ဖြစ်ရင်လည်း ဆက်ဖြစ်မယ်လေ လို့ပြောတော့ ဒါ ဆက်မယ်လို့ပြောတာပဲ မဟုတ်ဘူးလား.. ဆက် ဆက် .. မဆက်ဆက်.. စောင့်ရမှာက ငါ့တာဝန်ပဲလေ.. အင်း..တာဝန်ရယ်တော့လည်း မဟုတ်ပါဘူး.. တာဝန်ဝတ္တရားအရ စောင့်တာမှ မဟုတ်ပဲ.. ငါ့ကိုက စောင့်ချင်လို့.. ဖုန်းဆက်လို့ မင်းအသံ ပျားယီးပျာယာလေး ကြားရရင် ငါဘယ်လောက်ပျော်သွားလဲ မင်းကတော့ သိမယ်မထင်ဘူး.. မင်းအသံလေး ကြားရရုံနဲ့ .. မင်းရဲ့အနံ့.. မင်းရဲ့အပြုံး.. မင်းဆံပင်တွေ.. မင်းလက်ချောင်းလေးတွေ.. အားလုံး အားလုံးကိုကွာ.. ပြန်သတိရတယ်.. ပြန်ခံစားလို့ရတယ်.. မင်းနဲ့တစ်လ တစ်ခါတောင် တွေ့ဖို့ခဲယဉ်းလွန်းလို့ လွမ်းတဲ့စိတ်တွေကို ဒီလို သတိရခြင်းမျိုးတွေနဲ့ ဖြေဖျောက်နေရတာ.. မင်းသိရဲ့လား..

လရောင်ကလည်း အတော်လင်းသား.. အရင်ကဆို လကိုသတိမထားမိပါဘူး.. ဒီနေ့မှ မီးကလည်းပျက်.. လုပ်စရာလည်းမရှိလို့ လကိုမော့ကြည့်မိတာ.. အော်.. လဆိုမှ.. ဒီနေ့လေ.. လမင်းရယ်.. ငါ့ကီးဘုတ်ကို တက်နင်းသွားသေးတယ်.. recording အခန်းထဲမှာကွာ.. ပစ္စည်းတွေ ရွှေ့ရှက်ပြီး ဖုန်သုတ်နေတာ.. အဲ့ကောင် ဘေးချထားတဲ့ ကီးဘုတ်ကို တက်နင်းထည့်လိုက်တာ.. တော်သေးတာပေါ့ ဘာမှတော့မဖြစ်လို့.. အလုပ်ထဲမှာလည်း အဆင်မပြေဘူးကွာ.. ဒီနေ့.. မင်းရော အလုပ်မှာပျော်ရဲ့လားဟင်.. မင်းကတော့ အဆင်ပြေမှာပါ.. ငါကတော့ တလွဲပဲလေ.. အမြဲ.. မင်းအကြောင်းတွေးမိရင် တီးနေတဲ့သီချင်း ဘယ်ရောက်ရောက်သွားမှန်းမသိဘူး.. အမြဲ မှားတတ်လို့ ကိုမင်းကတောင်ပြောနေတယ်.. “သူများတွေက ကောင်မလေးအကြောင်းတွေးရင် မုဒ်ပိုဝင်တယ်.. မင်းကျမှပဲ မှားတီးရတယ်လို့” တဲ့.. ငါကလည်း ငါပဲ.. ကားစီးရင်းလည်း မင်းအကြောင်းတွေးနေလို့ မှတ်တိုင်ကျော်သွားတာ ခဏခဏ.. အဲ့ဒါနဲ့အခု ဘယ်လိုလုပ်လဲသိလား.. မင်းအကြောင်း တွေးနေမိတယ်ဆိုတာကို သတိထားမိတာနဲ့တပြိုင်နက် သံဗုဒ္ဓေရွတ်ပစ်လိုက်တယ်ကွ.. ဘယ်နေရာရောက်ရောက် ဘာလုပ်နေနေ.. မင်းအကြောင်းတွေးမိတာနဲ့ ရွတ်တာပဲ.. မတွေးဘူး မင်းအကြောင်း.. အလုပ်ထဲမှာမတွေးဘူး.. ကားစီးရင်းမတွေးဘူး.. သူများတွေနဲ့စကားပြောနေရင် မတွေးဘူး.. အာရုံကိုလွှဲတဲ့အနေနဲ့ သံဗုဒ္ဓေရွတ်တယ်.. အောင်မယ် ..ကုသိုလ်တွေတောင် အတော်ရနေလောက်ပြီ.. ကားစီးရင်းလည်း တတွတ်တွတ်ရွတ်နေလို့လေ.. မင်းအကြောင်းကတော့ ခုလို .. တစ်ယောက်ထဲ အေးအေးဆေးဆေး ရှိနေမှ.. တန်းစီတွေးမယ်ကွာ.. ဖြစ်တယ်ဟုတ်..

အင်း.. ဒါနဲ့ .. ဘယ်နှနာရီရှိနေပြီလဲ.. မင်း ဖုန်းမဆက်တော့ဘူးလား.. ဖုန်းများပျက်နေလားလို့.. ခဏခဏ ဖုန်းခွက်ကို မမပြီးနားထောင်ရသေးတယ်.. ဖုန်းကကောင်းပါတယ်.. ဘာကြောင့်မမြည်လာတာပါလိမ့်.. ချစ်သူရာ.. ဂဏန်းလေး ၆လုံး နှိပ်လိုက်ရတာ မင်းက ဘာအပန်းကြီးနေတာတုန်း.. ငါ့မှာတော့ ည ၇ နာရီကတည်းက ခု ၁၁ နာရီခွဲတဲ့အထိ.. တငုတ်တုတ်တုတ်နဲ့.. မင်းက ကိုယ်ချင်းလည်း စာတတ်ပုံမပေါ်ပါဘူး..

အိပ်လိုက်ရတော့မလားလို့ ငါစဉ်းစားနေတယ်.. ဖုန်းလာတယ်ဆိုမှ ထကိုင်မယ်ဆိုရင်ရော.. ဒါပေမယ့် မနိုးမှာလည်း ဆိုးတယ်.. ငါဆိုတဲ့ကောင်က အိပ်ပျော်သွားရင် ဖုန်းသံလောက်နဲ့တော့ နိုးမယ့်ကောင်မှမဟုတ်တာ.. အင်းလေ စောင့်လက်စနဲ့ စောင့်လိုက်ပါ့မယ်.. ၁၂ နာရီမှ မင်းမခေါ်သေးရင်တော့ ငါတကယ်အိပ်မယ်.. ပြောမယ့်သာ ပြောရတာပါ.. ၁၂ နာရီထိုးပြန်တော့လည်း “၁ နာရီထိတော့ စောင့်လိုက်ပါ့မယ်လေ”လို့ ငါတွေးမယ်.. ၁ နာရီထိုးတော့ “၂ နာရီထိ”လို့ ငါတွေးမယ်..
နောက်.. ၃ နာရီ..
၎ နာရီ..
အဲဒိလောက်ဆိုရင်တော့ မင်းဖုန်းမဆက်မှာသေချာသွားပြီ.. အဲဒိအချိန်လောက်ဆိုရင်တော့
တစ်ကိုယ်လုံး ခြေတွေလက်တွေသယ်ဖို့.. ဆက်ပြီး ဖုန်းထိုင်စောင့်ဖို့.. အသက်ဆက်ရှူဖို့ အားတွေ မရှိတော့တဲ့ငါ အရုပ်ကြိုးပြတ် အိပ်ရာဝင်ပါ့မယ် ..
(နောက်နေ့ ဖုန်း ဒါမှမဟုတ် ချက်တင်.. ဒါမှမဟုတ် လူကိုယ်တိုင်.. တစ်နည်းနည်းနဲ့ မင်းနဲ့တွေ့တော့.. “စောစောအိပ် စောစောထပါဆို စကားလည်း နားမထောင်ဘူး” လို့ မင်းက ဆူတဲ့အခါ ခံရဦးမယ်)..

Internet shop Karijini National Park pdf manuals