ကြယ်သူလေးရဲ့စကား25-08-2010 | 12:02:45 | 12 Comments

ဟိုးကောင်းကင်ကြီးပေါ်မှာ
ညဘက်ဆို
ကြယ်လေးတွေအစီအရီ လင်းလက်လာတဲ့အခါ
ပုံပြင်လေးတစ်ပုဒ်
ဒီလိုဖြစ်လာသတဲ့..

အဲ့ဒိ ကြယ်ရောင်ကောင်းကင်ကြီးထဲက
ကြယ်သူမလေးတစ်ယောက်က ပြောတယ်
“အဲ့ဒိလူအတွက်
ခဏတာလေးပဲဖြစ်ဖြစ်
သေးသေးကွေးကွေး လင်းချင်းနိုင်ဖို့
သူ့ကိုယ်သူ လောင်ကျွမ်းခံနေတာပါ”.. တဲ့

“မိုက်မဲလိုက်တာကွယ်”.. လို့
လမင်းကြီးက ပြောတဲ့အခါ
ကြယ်သူမလေးက ပြုံးလေရဲ့
“ကောင်းကင်ကို သူမော့ကြည့်တိုင်း
တခြားကြယ်တွေအများကြီးကိုလည်း
သူတွေ့မှာပါပဲ” တဲ့

“ဟုတ်တယ်”
ကိုယ်ပေါ်မှာ တောက်လောင်နေတဲ့
အဲ့ဒိ မီးလျှံတွေကို ပိုမိုကျွမ်းလောင်စေလိုက်ရင်း
ကြယ်သူလေးက ဖြေတယ်..
“တခါတရံရောက်လာတတ်တဲ့
အကြည့်တချက်လေးတွေကိုပဲ
တမက်တမော ရှိလှပါပြီ”
ပြီးတော့ သူ ပြုံးလိုက်ပြန်တယ်..

ဒီလိုနဲ့
တနေ့တခြား
သူ့ကိုယ်ပေါ်က မီးတောက်တွေ
အရှိန်လျော့ ပျက်ပြယ်လာနေရင်း
နောက်ဆုံးတနေ့မှာတော့
ကြယ်သူမလေးဟာ ကောင်းကင်ပေါ်ကနေ
မှိန်ဖျော့ ပျောက်ကွယ်သွားတော့တယ်..

ကြည့်နေကြအတိုင်း
ကြည့်တာပါပဲ
ဒါပေမယ့်
ခါတိုင်းနဲ့မတူတာ ဘာကြောင့်လဲ
လို့
ကောင်လေးက တွေးနေရင်း
“ကြယ် တလုံးလုံးများ လျော့နေသလားမသိဘူး” တဲ့

ကောင်လေးစကားကို လှမ်းကြားလိုက်တဲ့
လမင်းကြီးက
အသိမှတ်ပြုစကားလေးကို
မကြားသွားရရှာတဲ့ ကြယ်သူမလေးအစား
နင့်နင့်သည်းသည်း
ငိုကြွေးလိုက်တော့သတဲ့ကွယ်.. ..

တို့များရဲ့ကမ္ဘာ17-06-2010 | 10:41:23 | 15 Comments

မလုပ်ဘူးဆိုလား
မရှုပ်ဘူးဆိုလား
ကျော်ခွမရတာများတယ်ဆိုလား..

အိပ်မရဘူး
စာဖတ်တယ်
ပြီးတော့ ဟိုပြေးဒီပြေး
လယ်စိုက်ရ၊ ခွေးမွေးရ၊ ရှော့ပင်းထွက်သူကထွက်
ကော်ဖီတွေဘာတွေလည်း ရောင်းလို့..

ဒါက ဘယ်သူဘယ်ဝါဒေါ့ကွန်း
သူက ဘလာဘလာဒေါ့နက်
သိကြတယ်မဟုတ်လား
ဖဘထဲမှာ ဘာနစ်ခ်လဲတဲ့
ခေတ်သစ်မိတ်ဆက်စကား..

သူက ဒီလိုတဲ့ ဟိုလူက ဟိုလိုပေါ့
ဟိုအဖွဲ့ ဟိုနေ့က လုပ်တာက ဘာ
ဒီတဖွဲ့ အဲ့ဒိနေ့ သွားကြမှာက ဘယ်
ပြောကြဆိုကြ ရင်းနှီးကြ..

ဟော! ဒီမှာ အပြင်လောက
မျက်နှာချင်းဆိုင်တွေ့တောင် ရှောင်ကွင်းသွား
ပြုံးမပြ ရယ်မရနဲ့
သိပြီးသားတွေကလည်း မသိသလိုလို
ငါ့တောင် “နန်းညီ မဟုတ်ဘူး”ဆိုပဲ.. ..

ရွာမှာလေလား18-03-2010 | 11:12:17 | 7 Comments

နွေရာသီက ပူလောင်လွန်းတယ်..

ပူလွန်းလို့ပဲ ပူတတ်တာလား..
ပူတတ်လွန်းလို့ ပူနေတာလား..

မိုးရွာမလားကွယ်..

ကြာလွန်းလို့ပဲ မျှော်မိတာလား..
မျှော်လင့်လွန်းလို့ ကြာနေတာလား..

ကမ်းလင့်ပါတဲ့..

ဝေးလွန်းလို့ပဲ နီးချင်တာလား..
နီးချင်လွန်းလို့ ဝေးနေတာလား..

လက်ကမ်းပါ..
ကြိုလှည့်ပါ..
မိုးရယ်
ရွာပါတော့ကွယ်..

ကိုယ့်လူနဲ့ကိုယ်နဲ့တော့ အခက်20-02-2010 | 11:51:28 | 7 Comments

ခုန်ပေါက်ပြေးလွှား မနားမနေ။ အရေရော အဖတ်ပါရတယ်ဆိုပြီး
ဆွဲဆုတ်လိုက်တော့လည်း တွန့်ကျေသွားတာပဲ
ဖြတ်ချလိုက်တော့လည်း မျက်စိသူငယ်နားသူငယ်
ဟိုမှာ သူအကွက်ရွှေ့လိုက်ပုံက
သူ ဇယားခင်းလိုက်ပုံက
တစ်ကောင်ထိုးကျွေးပြီး တစ်ဝိုင်းလုံးလို ကြိတ်ဝါးနေတာ
အထစ်၊ ထစ်အ၊ ရှင်းပြမနေနဲ့။ လက်ညှိုးတွေ ဟိုထိုးဒီထိုး။
သွေးရိုးလား၊ သားရိုးလား၊ ရိုးသားကြိုးစားလား။
အကြွင်းအကျန်တွေ ဟိုပစ် ဒီပစ်။
စာရိတ္တမောင်ဆိုပြီး ဝယ်ဝယ်စားနေတာ
အကာအကွယ်နဲ့လား။ အသားချင်းထိမှ မီးပွင့်တာလား
ဘယ်ရနံ့ကို ကြိုက်နှစ်သက်ပါသလဲ
မေးခွန်းကို မြွေတစ်ကောင်လို လျှောထွက်သွားပုံက
ဒီညလည်း အကြောပေါင်းတစ်ထောင်မသိအောင်ဖွင့်ပြမယ်ဆိုတဲ့အထာနဲ့။

ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
အချင်းချင်းလည်းအထာမထား။
ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
သော့တွဲကြီး တကားကား။
ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
ရင်တုန်ပန်းတုန် တစ်ကိုယ်လုံးတုန်ရီပြနေတော့
ဖြည်ချလိုက်ရတော့မှာလား။
ကိုယ့်အနေအထားအရ ပြောကြည့်တာပါ။

သက်ငြိမ်သစ်

(သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ ကဗျာလေး အသစ်စက်စက်ကို အတင်းလုလာတာပါ)

လူဆန်းကဗျာ02-02-2010 | 13:43:59 | 7 Comments

ဘာမှရေးမရ တွေးမရနေတုန်းမှာ ဖတ်မိတဲ့ ကြိုက်မိတဲ့ကဗျာလေးတစ်ခုကိုပဲ ပြန်မျှဝေလိုက်ပါတယ်..

သံနဲ့လုပ်ထားလျက် ဝေကျလာသော ဂဃဏန

ဆူဆိုဒ်လုပ်နေတာမဟုတ်။ မဟုတ်။ လုံးဝမဟုတ်
လုံးဝ (လုံးလုံးဝဝ) မဟုတ်။
အရက်သောက်နေတာပါ။ အရက်သောက် နေတာ
အရက်ကိုသောက်နေတာ။ အရက်ကို ဒီလို
သောက်နေတာ ဒီလို
ရင်ဘတ်မြည်ဟီး စည်ကြီးတီး ဒီလို
တရစ်ပြီးတော့
တရစ်စိန်တရစ် မြတရစ် သိကြားတရစ်
နတ်တရစ် ရဟန်းရှင်တရစ်
လူပြည်သူအများတရစ် ဗောဓိညောင်တရစ်
လက်စ်ဇပ်ကားတရစ်
ရုပ်လုံးပေါ်။ ခရစ်စတယ်ဘောစခ ရင်ထဲမှာ ပေါ်
ဖော- အစာအိမ်အူလမ်းကြောင်းအတွင်း သွေးထွက်ခြင်း
ဖောဖော- ခြေဖဝါးမို့မို့မောက်မောက်
ပင့်ကူလက်တံတွေလှုပ်ခတ်
“ရှော” ဘိုင့်ဘိုင်။ နှစ်ရက်သုံးရက်လောက်ကျန်ရစ်သူတွေ
တစ်ပတ် တစ်လ လွမ်းဖို့မောပန်းသွားပြီ။
(မည်သူတစ်စုံတယောက်မှ အထိအခိုက်မရှိ
မတ်သနောအပြည့်တင်ဆောင်လာသော ဟူးမန်းန်ဗိုက်ဗုံးကြီး
အောင်မြင်စွာ ပေါင်းစုအငွေ့ပျံ
ကားတွေစီ အမြန်သုတ်ချေတင်ကြလေပြီ။)
ရှေ့မှာ နောင်မှာ အရင်ကတည်းက
အတိအကျ၊ ဟုတ်ရဲ့လားကွ သံဝေဂ

လူဆန်း
(from “ရေးသူလူဆန်း Bilingual”)

Continue reading »

နင်းကြမ်း23-01-2010 | 22:53:19 | 21 Comments

ဆိုင်ကယ်တွေ စက်ဘီးတွေပေါ်က မဆင်းတဲ့မြို့
ပွင့်လင်းပေမယ့် ဆန်းပြားမှုမရှိတဲ့မြို့
“မင်းကိုကိုယ် နက်နက်ချိုင်းချိုင်းကို ရှစ်ပါတယ်ကွာ..
ချုပ်ချုပ်ချက်ချက်တွေလည်း မလုပ်ပါဘူး” ဆိုတဲ့မြို့..
ရုတ်တရက်အဆင့်မြင့်မားစွာ မာနကြီးလာတဲ့မြို့..
ဆိုင်ကယ်သေးသေးလေးကို လူတွေအများကြီးတက်စီးနေတဲ့မြို့..

ကဗျာဆရာ ဇော် ပြောတဲ့ ဆိုက်ကားသမားက စာစပ်တဲ့မြို့
ချောင်းတစ်ခုက မြို့ကိုနှစ်ပိုင်းခွဲတာ ခံထားရတဲ့မြို့
မန်ယူပါတဲ့ တနင်္ဂနွေညတွေနဲ့ ဘီယာဆိုင်ယဉ်ကျေးမှုကို နွေးနွေးထွေးထွေး
လက်ခံထားတဲ့ မြို့
ဘယ်သူမှ စိုက်ပျိုးခြင်း မရှိခင်ကတည်းက သူ့ဟာသူ ရှင်သန်နေတဲ့ မြို့
“က” ကြီး သုံးလုံးပေါတဲ့မြို့

ကျွန်မတွေက ကျွန်တော်တွေဖြစ်နေတဲ့မြို့..
ဝါးမဖြစ်ခင်ဘဲ အချဉ်ဖောက်ခံထားရတဲ့မြို့..
တချိန်ကတော့ စိုက်ပျိုးရေး ပညာရှင်တွေ မွေးဖွားပေးခဲ့တဲ့မြို့..
မြင်းချေးနံ့နဲ့ ဖုန်နံ့တွေကို ရှူရှိုက်နေတဲ့မြို့..
“လင်းထိန်နေတာပဲ”ရယ်လို့ တခြားမြို့များက အားကျမနာလို စကားတင်းဆိုခံရတဲ့မြို့..
ရိုးအပေမယ့် လည်ချင်ယောင်ဆောင်နေတဲ့မြို့..
ငါကမသိပေမယ့် ငါ့ကိုသိတဲ့မြို့
ဘာမြို့လဲ……

လက်ဘက်ရည်ဆိုင်15-01-2010 | 11:10:02 | 13 Comments

ညနေစောင်းပြီလား
အတွေးစတို့ကို တိမ်တိုက်တွေနဲ့ချည်
လေတိုက်လေ ကျေနပ်လေပဲ
ဆေးလိပ်ငွေ့တချို့မှာတော့
လေးလံမှုတွေနဲ့..
သံစဉ်တွေက
ဟိုဘက်ကထွက်ဖို့
ဒီဘက်ကဝင်နေတယ်
အဆွေးတွေ အငေးတွေ
ရယ်စရာတွေ ငယ်အခါတွေ
သေချာပါတယ် ကိုလေးဖြူ
အားလုံးဟာ “ခဏလေး”ပါပဲ..

by-အယ်ရှား

ရင်နွေး01-10-2009 | 11:41:48 | 1 Comment

ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ

ရင်နွေး
မင်းဖတ်ဖို့တော့မဟုတ်ပေမယ့်
မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ်
ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ
သဘောကျပါရဲ့လား
ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့
မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့

ရင်နွေး
“အနေတွေနီးကြဖို့ ဘယ်ထိဝေးရဦးမှာလဲ
မင်းနဲ့နီးချင်တယ်” လို့
ဟန်ထူးလွင်က ဆိုဖူးပါတယ်
တကယ်တော့ မင်းနဲ့မနီးချင်ပါ

Continue reading »

ဝဋ်လည်သူ26-08-2009 | 10:30:06 | 15 Comments

starring

poem by ညီမင်းစံ (http://nyiminsan.com/blog/?p=389)

တွေးမိတွေးရာ14-08-2009 | 10:55:22 | 17 Comments

တစ်နေ့တစ်နေ့
လူတွေ လျှောက်ရင်းသွားရင်း
တိုးတိုက်မိကြတယ်

တစ်နေ့တစ်နေ့
ကားတွေ လမ်းမပေါ်မှာ
တိုးတိုက်မိကြတယ်

တစ်နေ့တစ်နေ့
စကားတွေ နှုတ်ခမ်းဖျားတွေဆီက
တိုးတိုက်မိကြတယ်

တစ်နေ့တစ်နေ့
စာတွေ ကဗျာတွေ ငြင်းခုန်ကြရင်း
တိုးတိုက်မိကြတယ်

တစ်နေ့တစ်နေ့
ယဉ်ကျေးမှုတွေ ပြိုလို့ကွဲလို့
တိုးတိုက်မိကြတယ်

ဒီလောက် ပွတ်ကာသီကာနိုင်တဲ့
လောကကြီးထဲ ဘယ်လိုဖြစ်လို့
မင်းနဲ့ငါကျမှ
မတော်တဆလေးတောင် ပြန်မဆုံရတာလဲကွယ်

xxx