ဆင်ခြေပေးတဲ့ပို့စ်29-07-2010 | 18:45:03 | 8 Comments

စာရေးပါ စာရေးပါနဲ့ ခဏခဏ ဟိုလူကပြော ဒီလူကပြော ပြောကြတယ်..

ခက်တာက အရင်ကဆို အလုပ်သွားရင်း ကားအကြာကြီးစီးရတော့ ကားပေါ်မှာ ဟိုတွေးဒီတွေးနဲ့ အိုင်ဒီယာလေးတွေရတတ်တယ်.. ခုကျတော့ အတွေးတွေက ဟိုပြေးဒီပြေးဖြစ်ကုန်တယ်.. ဈာန်လည်းမဝင်ဘူး.. ပြီးတော့ ခုနောက်ပိုင်း ကွန်ပျူတာရှေ့ထိုင်ရင် သီချင်းနားထောင်ဖို့နဲ့ ကစားဖို့လောက်ပဲ အာရုံရနေတာခက်တယ်.. အရင်ကလို စာရေးတာနဲ့ ပုံဆွဲတာကို မလုပ်ဖြစ်ဘူး.. ဓာတ်ပုံလေးတွေတော့ များများရိုက်ဖြစ်ပါတယ်.. ဒါတော့ မဆိုးဘူးပြောရမယ်.. တော်သေးတယ်ပေါ့..

ခုလည်း Ginza Pan မှာ ရိုက်လာတဲ့ ပုံလေး သဘောကျလို့ တင်ပေးလိုက်တယ်..
မကောင်းဘူးလို့ မပြောကြေး ! ..  =)

နေတတ်သလိုနေပါတော့23-06-2010 | 12:53:34 | 5 Comments

♫♪ ဟိုအတိတ်နေ့တွေမှာ ~~ ရင်ခွင်ထဲ မင်းရှိမှ.. စိတ်ချင်းမနီးတဲ့ အဖြစ်တွေကိုလေ ~~ တော်ပါတော့ချစ်သူရယ်..
အပျော်တမ်း အချစ်တဲ့လား ~~ ငါမရင်းနှီးတဲ့စကား.. တသက်လုံးကြိုးစားညှိမယူနိုင်ပါ ~~ ငါ နှုတ်ဆက်လိုက်ပါတယ် ♫♪

သူတို့ကို ဓာတ်ပုံရိုက်ပါမယ်ဆိုကာမှ လင်းလင်းရဲ့ နေတတ်သလိုနေပါတော့ သီချင်းလေး ညဉ်းရင်းနဲ့ စိတ်ကောက်နေကြတဲ့ ငှက်couple ပေါ့..

:P

ပျော်ပျင်းခရီးစဉ်05-06-2010 | 12:40:01 | 12 Comments

အယ်ရှားရေဟေ..
ငါ နင့်ကို ပျော်သလိုလို ပျင်းသလိုလိုနဲ့ သွားရတဲ့ ခရီးတခုအကြောင်းပြောပြမယ်လေ.. မြို့လေး တမြို့ဆီ ခဏသွားနေရတဲ့ ခရီးပေါ့.. အစကတော့ ပျော်တယ်ဟ.. မိသားစုလိုက် ကိုယ့်ကားလေးနဲ့ ကိုယ်သွားရတာ တမျိုးတော့ကောင်းတယ်မဟုတ်လား.. ဒါပေမယ့် ပျင်းတော့ ပျင်းစရာကြီးပေါ့ဟာ..

လမ်းတလျှောက် မြင်ရသမျှ စိန်ပန်းတွေတော့ နီရဲနေအောင်ပွင့်တယ်.. သို့သော် နင်သိတဲ့အတိုင်း ငါက စိန်ပန်းမကြိုက်ဘူးကွာ.. မုန်းမိတယ်..

လမ်းဘေးမြက်တောထဲ အလေ့ကျ ပေါက်တဲ့ ပန်းလေးတွေကတော့ လှနေရောပဲ.. ပန်းမကြိုက်ပေမယ့် ဒါမျိုးမြင်ရတော့လည်း စိတ်ချမ်းသာမိသား..

ချစ်တီးဆိုင်တဆိုင်မှာ ထမင်းဝင်စားကြတယ်.. မဆိုးဘူး.. မဆလာနံ့ မကြိုက်ပေမယ့် စားလို့ကောင်းနေတယ်.. မနုသီဟ ဟင်းရည်ဆိုလား.. ခပ်ချဉ်ချဉ် အရည်တမျိုးကလည်း သောက်လို့ကောင်းသား.. အော် မနုသီဟ ဟုတ်ဘူး.. မနုသနီ ဟင်းရည်တဲ့.. အဝစား တပွဲ ၂၀၀၀ .. မဆိုးဘူးခေါ်မှာပေါ့နော်..

ဈေးထဲဝင်ကြည့်ခဲ့သေးတယ်.. Avatar အိတ်ကလေးမြင်တော့ ပြုံးချင်ချင်ပဲဟေ့.. မြန်ချက်ပဲနော်.. ငါတို့မြန်မာတွေ..

ဘုရားရှေ့က ဖြတ်လျှောက်ခဲ့တယ်.. ဝင်တော့ မရှိခိုးဖြစ်ပါဘူး.. တခါတလေ စဉ်းစားမိတာက.. ဘုရားတွေ့တိုင်း စိတ်ထဲဘာမှမရှိဘဲ ဝင်ဦးချတတ်တဲ့လူနဲ့.. စိတ်ပါလက်ပါရှိမှ တကယ့်ကို လေးလေးနက်နက် ဘုရားဝတ်ပြုတဲ့လူနဲ့ ဘယ်သူက ပိုပြီး ကောင်းမှုကုသိုလ်များလဲလို့..

သစ်သီးတန်းမှာ ဒါလေးမြင်တော့ ငါတို့ Pastel ပန်းချီကား ဆွဲကြတာကို သတိရတယ်..

ဒါမျိုးလေးကျပြန်တော့လည်း အင်းလျားလမ်းက ပန်းတန်းကို သွားသတိရတယ်..

လမ်းဘေးက မြင်ကွင်းလေးပေါ့.. ထုံးကျောက်တောင်တွေလားမသိဘူး..

ဒုဌဝတီမြစ်မှာ ရေချိုးဖြစ်ဖို့က အမတော် စောမွန်လှနဲ့ ပဋ္ဌာန်းဆက်ပါမှ ရတယ်ဆိုလားပဲ.. ဒီလိုဆို ငါတို့က ပဋ္ဌာန်းဆက်ရှိတယ်ခေါ်ရမယ်ပေါ့နော်.. ရွှေစာရံဘုရားဆီရောက်တယ်.. မြစ်ထဲလည်း ရေချိုးခွင့်ရခဲ့တယ်လေ.. စောမွန်လှမိဘုရား နားဋောင်းပြုတ်ကျသွားတယ်ဆိုတဲ့ချောင်းကို နားဋောင်းကျချောင်းလို့ခေါ်တယ်တဲ့.. အဲ့ချောင်းကိုလည်း ရောက်ဖြစ်ခဲ့ပေမယ့် ရေကျနေလို့ မလှမပဖြစ်နေရှာတယ်..

ရွှေစာရံဘုရားစောင်းတန်းရဲ့ နာမည်ကြီး အမှတ်တရ လက်ဆောင်တွေကတော့ ထန်းလက်ငါးရုပ်တွေနဲ့ ဗူးသီးခြောက်အရွယ်စုံလေးတွေပဲ.. ကားမှာအလှချိတ်လို့ရတဲ့ သေးသေးလေးတွေလည်းရှိပေမယ့် ဈေးတော့ကြီးသားဟ..

ခုတော့ ငါ ရန်ကုန်ပြန်ရောက်နေပြီ.. ရန်ကုန်ပြန်ရောက်တော့ ပျော်လား ဆိုပြန်တော့လည်း..

ပျော်တယ်လည်း မဟုတ်ဘူးပေါ့ဟာ..

နင်သိပါတယ်..

း)

စိန်ပန်းတွေရဲ့လမ်3း0-05-2010 | 13:56:24 | 7 Comments

အစ်ကိုတော်နဲ့ လျှောက်သွားရင်း  ရိုက်ထားလိုက်တဲ့ပုံ.. (ပြင်ဆင်မှုကိုလည်း သူ့ ကွန်ပျူတာဖြင့် ပြုလုပ်သည်)

အမေ့ခံ23-05-2010 | 22:51:36 | 5 Comments

လူတွေ ပြေးလွှားနေခဲ့.. ဟိုဟိုဒီဒီ..
ကျနော်ကတော့ စင်ထောင့်လေးမှာ ငြိမ်သက် တိတ်ဆိတ်နေရင်း
အရောင်တွေ ခပ်မှိန်မှန်..

လူသံသူသံတွေ ဝေးသွားခဲ့ပြီ
ကျနော့်ကိုတော့ မေ့မေ့လျော့လျော့..

နောက်တော့ ကျနော်ဟာ လမ်းဘေးမြောင်းနားမှာ
မှိန်မှိန်ဖျော့ဖျော့
ဆွေးဆွေးမြည့်မြည့်.. ..

3 Colors02-05-2010 | 12:25:07 | 16 Comments

သုံးရောင်ခြယ် သူငယ်ချင်းများပေါ့..

အစိမ်းရောင်ဟာ သဘာဝတရား နွေးထွေးကြင်နာတာ ဖွံ့ဖြိုးတာ နောက်ပြီး ကျန်းမာရေးရဲ့အရောင်ပါ.. ကြီးထွားခြင်း လတ်ဆတ်ခြင်းတို့ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ဟာ လုံခြုံခြင်းကိုလည်း ခံစားရစေပါတယ်.. သစ်ပင်စိမ်းများ မြက်ခင်းစိမ်းများကိုကြည့်ပေးတာဟာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသတဲ့.. အစိမ်းရောင်ကြိုက်တဲ့လူများဟာ ငြိမ်းချမ်းခြင်းကို လိုလားနှစ်သက်ပြီး လူတွေကိုလည်း ကူညီတတ်သူများ ဖြစ်ကြပါတယ်..

အပြာကတော့ ငယ်ရွယ်ခြင်း ရှင်သန်ခြင်း ငြိမ်းချမ်းစစ်မှန်ခြင်းတို့အပြင် ယောက်ျားလေးများရဲ့အရောင်လို့ သတ်မှတ်ကြပါတယ်.. ကောင်းကင်နဲ့ ပင်လယ်ကြီးရဲ့အရောင်ဖြစ်လို့ အပြာကို သစ္စာတရားနဲ့ ကောင်းကင်ဘုံအတွက်သတ်မှတ်ထားပါသေးတယ်.. ပြီးတော့ အပြာဟာ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး လူတွေရဲ့စိတ်တည်ငြိမ်မှုအတွက်လည်း အထောက်အကူပေးပါသေးတယ်.. အပြာရောင်ကြိုက်သူများဟာ သီးခြားလျှို့ဝှက်နေတတ်ကြပြီး သူများကိုလည်း အလွယ်တကူ မယုံကြည်တတ်သူများ ဖြစ်ကြပါတယ်..

အဝါရောင်က ပျော်ရွှင်ခြင်း စိတ်ကူးဥာဏ်ထက်သန်ခြင်းတို့အပြင် အဝါရင့်ရောင်ဟာ မနာလိုခြင်းကိုလည်း ကိုယ်စားပြုတယ်ပြောပါတယ်.. အဝါဟာ အနက်နဲ့တွဲရင် ပိုပြီးထင်ရှားတောက်ပလာတတ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းသရုပ်သဏ္ဍာန်ကို ပိုပြီးပေါ်လွင်သွားစေပါတယ်.. အဝါရောင်အခန်းတွေထဲမှာဆိုရင် ကလေးတွေဟာ ပိုပြီးငိုတတ်ကြပါသတဲ့.. ဒါပေမယ့်လည်း အဝါနုရောင်ဟာ နွေးထွေးခြင်းနဲ့တောက်ပခြင်းဂုဏ်သတ္တိရှိလို့ ကျောင်းသားကျောင်းသူအသုံးအဆောင်တွေမှာ အဝါကို အသုံးပြုကြလေ့ရှိပါတယ်.. အဝါရောင်ကြိုက်တတ်သူများကတော့ နွေးထွေးချစ်ခင်တတ်ပြီး တက်ကြွသူများဖြစ်ကြပါတယ် တဲ့..

မချင့်မရဲကောင်းကင်06-04-2010 | 12:07:13 | 8 Comments

အင်းလျားကန်ဘောင်ကို ညနေဘက်လေး ရောက်တုန်း တိမ်တွေတောက်နေလို့ ဒီပုံလေးကို ရိုက်ဖြစ်တယ်.. စိတ်တိုင်းမကျဘူး.. ထပ်သွားရိုက်ဖို့ စဉ်းစားထားတာ.. ဒါပေမယ့် အစ်ကိုတော်ဘုရားက Explosive Sky ဆိုပြီး နည်းနည်းဦးသွားလို့ မချင့်မရဲနဲ့ပဲ ဒီပုံကို အမှတ်တရ တင်လိုက်ပါတယ်..

abandon02-04-2010 | 11:03:08 | 9 Comments

ခုတလောမှာ လုပ်နေကျ အလုပ်.. သွားနေကျနေရာတွေကနေ ခွဲထွက်ပြီး ပြောင်းလဲ လုပ်ဆောင်မှုတွေလုပ်လိုက်တယ်.. Default Setting ဖျက်တယ်ဆိုပါစို့.. အဲလို ဖျက်လိုက်မိလို့လားမသိဘူး.. ကမောက်ကမ အဖြစ်အပျက်တွေ.. အဆင်မပြေမှုတွေ.. ကိုးလိုးကန့်လန့် ကိစ္စတွေ ပေါ်ပေါ်လာတယ်..

တောင်ကြီးက သူငယ်ချင်းများ အဆင်မပြေမှုတချို့တွေဖြစ်နေတယ်လို့ သိရတယ်.. စိတ်မကောင်းဘူး.. ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့ ကိစ္စ ဖြစ်နေတာကိုး..

မနေ့ညက အိပ်မက်မက်တယ်.. တောင်အဆင်း အတက်လမ်းလေးအတိုင်း ဆိုင်ကယ်ကို မောင်းနေခဲ့တာတဲ့.. ညမှောင်မှောင်ထဲမှာ ဘာမီးအလင်းရောင်မှလည်းမရှိဘဲနဲ့.. နောက်တော့ အိမ်အဟောင်းကြီးတစ်ခုထဲကို ရောက်သွားပြန်တယ်.. အဲ့လိုနဲ့ပဲ ရိုက်ယူထားခဲ့ဖူးတဲ့ ဒီဓာတ်ပုံလေးကို သတိရသွားတယ်..

တောင်ကြီး-ဟိုပုံး အဆင်းလမ်းမှာ ရိုက်ထားတဲ့ ပုံလေး.. အိပ်မက်ထဲက အိမ်နဲ့တော့ မတူလှပါဘူး.. ခုတလော ခံစားနေရတဲ့ ခံစားချက်တစ်ချို့နဲ့ တိုက်ဆိုင်တာရယ်.. ပုံကို ကြည့်ပြီး ခံစားမိလို့ရယ်ကြောင့် abandon ဆိုတဲ့ နာမည်ကို ပေးဖြစ်တယ်..

ရှမ်းဈေးမနက်ခင်း21-03-2010 | 11:08:47 | 17 Comments

တောင်ကြီးမှာ မနက်ခင်းလမ်းလျှောက်ရင်း ရိုက်ထားမိတဲ့ပုံလေးပါ.. Photoshop မှာ လေရာ ၃ ခုခွဲထားတယ်.. အောက်ဆုံးလေရာက အရောင်နဲ့.. ဒုတိယလေရာနဲ့ တတိယတစ်ခုက အဖြူအမဲ.. ပြီးတော့ ဒုတိယလေရာမှာ မုန်လာဥနီတွေနေရာကို ဖြတ်ထုတ်လိုက်တယ်.. ပြီးတော့ Opacity ကို ၄၀% အထိ လျှော့ချထားတယ်.. တတိယလေရာ(အပေါ်ဆုံးလေရာ)မှာတော့ မုန်လာဥနေရာရော အစိမ်းရောင်အရွက်တွေနေရာကိုပါ ဖြတ်ထုတ်ထားတယ်.. ပြီးတော့ ခေါင်းစဉ်တပ်တယ်.. နာမည်ရေးတယ်.. ပြီးတော့ အဲ့ဒိ စာလေရာကို Drop Shadow Layer effect ထည့်တယ်.. Opacity ကို ၈၀%ထိ လျှော့တယ်..

လှတယ်ထင်တယ်..

မူလပုံကို တင်ပေးပါလို့ ပြောလွန်းကြသူများကြောင့် ခု မူလပုံကို ထပ်တင်ပေးလိုက်ပါပြီ..

မတွေ့တာကြာ11-03-2010 | 10:42:15 | 7 Comments