ရင်ဘတ်ကို မနည်းပင် ဖိထားရသည်.. ရင်တဒိန်းဒိန်းခုန်နေ၏.. အသက်ကိုပင် မှန်ကန်အောင် စည်းချက်ကျစွာ မရှူနိုင်.. ပျော်ရွှင်စွာဖြင့် စိတ်လှုပ်ရှားရသည်မို့တော့ ခံသာနေပါသေးသည်.. ရင်တဒိတ်ဒိတ်ခုန်သံနှင့်အတူ “မရောက်သေးဘူးလား မရောက်သေးဘူးလား” ဟူသောစကားကိုပင် စိတ်က ထပ်တလဲလဲရေရွတ်နေမိသည်.. တကယ်တော့ လေယာဉ်က တက်တောင်မတက်သေး.. ကျမ သိပ်ပြီးတော့များ စိတ်လောကြီးနေပြီလားမသိပါ..
ခုံခါးပါတ်တွေ ပတ်ထားပေးဖို့ အချက်ပြစာတန်းတွေ ပေါ်လာပြီ.. အို.. စောစောကတည်းက ကျမပတ်တောင်ပြီးနေပြီ.. အမြန်သာထွက်ပါတော့.. ဟုတ်ပါပြီ.. သိပါတယ်.. လေယာဉ်ပေါ်မှာ ဆေးလိပ်မသောက်ရဘူးတွေ.. လက်ကိုင်ဖုန်း မသုံးဖို့တွေ.. သိပါပြီ တော်ပါတော့.. ဟော – ဘီးတွေစလှိမ့်ပြီ.. မကြာခင်ပြေးလမ်းပေါ်မှာ ပြေးလွှားပြီး နောက် လေထုထဲကို ထိုးတက်သွားတော့မည်.. ထို့နောက် လေဆိပ်ခန်းမကြီးနှင့် ဖြတ်သန်းစရာ ကောင်တာစားပွဲတစ်ချို့.. အချိန်သိပ်မကြာခင်မှာပဲ မောင်နဲ့ တွေ့နိုင်တော့မည်..
မောင် လို့ တွေးလိုက်မိတာနဲ့ Continue reading »
တီဗီမှာ တစ်ခါတလေပြသလေ့ရှိသည့် လက်ဝှေ့ပွဲများကို အတူတူထိုင်ကြည့်မိသောအခါတိုင်း ယုရော ကျွန်တော်ပါ စိတ်ဆင်းရဲရလေ့ရှိသည်.. ယခင် ကျွန်တော်လူပျိုဘဝတုန်းက တီဗီကို စွဲစွဲမက်မက်မကြည့်ဖြစ်သော်လည်း ယုနှင့်လက်ထပ်ပြီးသည့် နောက်ပိုင်း အိမ်ထောင်သည်ဘဝရောက်တော့ ကျွန်တော့ညနေခင်းများကို ယုနှင့်အတူ တီဗီရှေ့မှာကုန်ဆုံးပေးခဲ့သည်..
ကျွန်တော်တို့အိမ်မှာ တီဗီလိုင်းက မြဝတီ၊ မြန်မာ့အသံနှင့် MRTV-4 ပဲရှိပါသည်.. ကိုရီုးယားဒရမ်မာတွေကို သဘောကျတတ်သူ ယုကတော့ 5Movie 5Series များမှလာသော ကိုရီးယားကားများကို အခွေတွေရှာဖွေဝယ်ယူကြည့်ရှုလေ့ရှိသည်.. နေ့တိုင်းရုံးမှာ အင်တာနက်သုံးနေရသူ ကျွန်တော့်အဖို့တော့ တီဗီသည် ယုနှင့်အတူဝေမျှခံစားခြင်းသက်သက်သာဖြစ်ပြီး စွဲလန်းစိတ်ဝင်စားခြင်းမရှိလှပါ..
သို့သော် Continue reading »
ခိုင်သည် ကိုအောင့်ပုံစံကိုမြင်ယောင်ကြည့်ရင်း တကယ်ပင်ရယ်မောလိုက်ချင်သလို ပျော်ရွှင် လာသည်.. စကားကို ဘယ်လိုနိုင်အောင် ပြောရမလဲလို့ အသည်းအသန်စဉ်းစား နေမည်လားမသိ.. ကိုအောင့်ကို စနောက်ရင်း စိတ်လက်ပေါ့ပါးလာ၏.. ဘယ်တော့မဆို အတွေးတွေ တူတူနေတတ်တဲ့ ကိုအောင်ဟာ ခိုင် စနောက်နေတာလား အတည်ပြောနေ သည်လားကိုကျတော့ ခွဲခြားမသိဘူးလားကွယ်..
“မဟုတ်သေးဘူးလေ ခိုင်ရ..”
“ဟုတ်ပါတယ် ကိုအောင်ရ”
“အာ..”
“အာမနေနဲ့… ရေးလေ.. ခုရေး”
“ချက်ချင်းကြီးတော့ ကိုယ်လည်း ဘယ်ရေးနိုင်ပါ့မလဲ.. ပြီးတော့ အခု လောင်းတဲ့အကြောင်းကလည်း ဖြစ်ရဦးမယ်”
“ရအောင်ရေးပေါ့”
“အာ”
Continue reading »
လမ်းထဲကို ချိုးကွေ့လိုက်သည်နှင့် တပြိုင်နက် လမ်းထိပ်မှာ သူ့ကိုမြင်လိုက်ရတော့ သော် တော်တော်လေးအံ့သြသွားသည်.. ဟုတ်မှ ဟုတ်ရဲ့လားလို့ သေချာစူးစိုက်ကြည့်လိုက်ရ၏.. မီးတိုင်အောက်နားလေးမှာ ရပ်နေသော သူက ပြုံးပြလိုက်တော့မှ လုံးဝသေချာသွားတော့သည်.. ဆွေလင်း.. သော့်ရဲ့ လင်း.. ဘယ်တုန်းက ဘယ်လိုပြန်ရောက်နေတာလဲမသိ.. ပိုပြီးထူးဆန်းသည်က ဒီအချိန်ကြီး သော်တို့ လမ်းထိပ်မှာ ရောက်နေတာ.. အပြေးအလွှား အနားသွားလိုက်တော့ သူက လှမ်း၍ ဖက်လိုက်တော့မလို လက်ဆန့်တန်းကြိုဆိုနေ၏.. သူ့လက်များကို သော်ဆွဲယူဆုပ်ကိုင်ထားလိုက်ပါသည်..
“လင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
“ဘယ်လိုရောက်နေလဲ ဆိုတော့ လာလို့ရောက်နေတာပေါ့ဗျာ”
“ဟာ မဟုတ်ဘူးလေ.. ပြန်လာမယ်ဆိုတဲ့အကြောင်းလည်း ပြောသံမကြားပဲနဲ့ ရုတ်တရက်ကြီး လမ်းထိပ်မှာ မြင်လိုက်တော့..”
သော်က အံ့သြစွာ အလောတကြီးပြောနေပေမယ့် သူက ဘာမှ ပြန်မပြောဘဲ ပြုံးလို့သာနေသည်.. သော်အားမလို အားမရဖြစ်သွားလျက် သူ့လက်များကို တင်းတင်းဆုပ်ကိုင်လိုက်မိပါသည်.. လက်များ အေးစက်နေ၏.. ဆောင်းရာသီ၏ ညဦးပိုင်းမို့ ညသည် အတော်အတန်အေးလျက်ရှိပြီ.. သူ ဘယ်အချိန်ထဲက ဒီနေရာမှာ သော့်ကို စောင့်နေလဲမှ မသိတာ..
“လင်း ဘယ်ချိန်ကတည်းက ဒီမှာစောင့်နေတာလဲ.. သော့်အိမ် ဘယ်လိုသိလဲ.. သော် အလုပ်ဆင်းရင် ဒီကပြန်တတ်မှန်းရော သေချာသိလို့လား”
“ဖြည်းဖြည်းမေးမှပေါ့.. ကျနော် ရောက်တာ မကြာသေးပါဘူး.. အိမ်ကတော့ဗျာ.. ခင်ဗျားပေးထားတဲ့လိပ်စာအတိုင်း လာတာပေါ့.. ဒီကပြန်တတ်မှန်းလည်း ခင်ဗျားပြောဖူးလို့ သိတာပဲ”
“လင်း ပြန်လာမယ်လည်း မပြောပါလား.. အွန်လိုင်းမှာ ၃ ရက်လောက်မတွေ့တော့ နေမကောင်းဖြစ်ပြန်ပြီ ထင်နေတာ”
သူက ပြုံးပြန်လျက် Continue reading »
မောင်နှင့်မေ ၁။
မောင်သည် ကော်ဖီဆိုင်မှာ မေ့ကိုစောင့်ရင်း စိတ်မရှည်နိုင်အောင် ဖြစ်လာသည်.. ခုနကပဲ မက်ဆေ့ခ်ျပို့တော့ အောက်ရောက်နေပြီ တက်လာတော့မယ် ပြောတာ.. ဒဂုံစင်တာက ဘယ်လောက်များကျယ်တာမို့လို့ ခုထိမရောက်လာသေးတာလဲ.. ဧကန္တ ဈေးများအရင်ပတ်နေသလားမသိ.. တွေးရင်းစိတ်က ပိုပြီးတိုလာသည်.. အိမ်ကအထွက် ဖားသားကြီးနဲ့ ရန်ဖြစ်လာလို့ စိတ်တိုနေရတဲ့အထဲ.. တွေးနေရင်းမှာပဲ လျှပ်ပြာလျှပ်ပြာနဲ့ လာနေတဲ့ မေ့ကို မြင်လိုက်သည်.. တမင်ပင် မျက်နှာကို ရှစ်ခေါက်ချိုးလျက် ဟိုဘက်လှည့်နေလိုက်၏.. မေတော့ သိမယ်..
“မောင် စောင့်ရတာ ကြာသွားလား.. ဆောရီး.. မေတကယ်ကို ခုနက အောက်ထပ်မှာရောက်နေတာ.. တက်လာရင်း လမ်းမှာ မာမီ့အသိအန်တီကြီးနဲ့ တိုးလို့ သူမမြင်အောင် လှည့်ပတ်လျှောက်သွားပြီးမှ ဒီကို ဝင်ရဲတယ်.. မောင်စောင့်နေမှန်းသိပါတယ်ကွာ.. မောင်”
မေက သူ့မျက်နှာကို လက်ဖြင့် အုပ်ကိုင်လိုက်ကာ ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်၏.. ပြီးတော့ ချိုချိုကြည်ကြည်လေး ရယ်ပြနေတော့ သူ့ဒေါသတွေ ဘယ်ရောက်လို့ ရောက်ကုန်မှန်းမသိ..
“ဖယ်ပါကွာ.. ခုမှ လာချော့မနေပါနဲ့.. မာမီ့အသိအန်တီကြီးမြင်လည်း ဘာဖြစ်လဲ.. သူက ဘာပြောနိုင်မှာမို့လဲကွ”
“အော် မောင်ကလည်း.. တိုဖယ်လ်သင်တန်းလစ်ပြီး ဒီမှာ မောင်နဲ့လာတွေ့တာ သိရင် မာမီက သတ်မှာပေါ့.. တော်ကြာ ဟိုကို မြန်မြန်ပြန်ပို့လိုက်ရင် မောင်ပဲ ဒုက္ခ”
“မောင်လည်း ဖားသားကြီးနဲ့ ဒီမနက် အဲ့ကိစ္စ စကားများလာသေးတယ်.. UK သွားချင်ရအောင် မင်းက ဘာကောင်လဲ ဘာလဲ လုပ်နေလို့.. သားလည်း ကျောင်းတက်မှာပေါ့ ဘာညာနဲ့ ပြန်အော်ပေးလိုက်တယ်”
“စိတ်လျှော့ပါမောင်ရာ.. ချောင်းသာသွားမယ့်ကိစ္စလည်းရှိနေသေးတာ အိမ်နဲ့ ကတောက်ကဆဖြစ်ရင် မန်းနီးမရဘဲနေမယ်နော”
“အဲ့ဒါတွေကြောင့် သည်းခံနေတာ ချောင်းသာသွားဖို့ကို ၁ သိန်းလောက်နဲ့ ဘယ်လိုလုပ် ဖြစ်မလဲ.. ထပ်ပေးပါဆိုလည်း ခုထိ ပွကျိပွကျိ”
ပြောရင်း ကော်ဖီဖိုးရှင်းကာ မေ့လက်ကိုတွဲလျက် ထွက်လာခဲ့သည်.. မေက ဒီလိုလူရှုပ်သော ကော်ဖီဆိုင်မျိုးဆို မကြိုက်.. ဆိုင်ကောင်းကောင်းမှဖြစ်မည်.. ဒဂုံစင်တာအောက်ထပ်ရောက်သည်ထိ မေက အရင်လို ဘာဝယ်မည် ညာဝယ်မည် မပြော.. ကားနားရောက်တော့မှ..
“အလာတုန်းက အင်္ကျီလေးတစ်ထည်တွေ့တာ.. မဆိုးဘူး.. ဒါပေမယ့် ပိုက်ဆံမရှိသေးဘူး မောင်ရာ.. မဝယ်သေးပါဘူး”
“ဘယ်လောက်မို့လို့တုန်း”
“၄ သောင်းကျော်လေးပါ.. ဒါမယ့် မေ ခုတလော ပိုက်ဆံပြတ်နေတယ် မောင်ရ.. ခုလည်း အိတ်ထဲမှာ ၂ သောင်းလောက်ပဲပါတာ.. မဖြစ်ပါဘူး”
မောင် တချက်ရယ်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်တော့ မေက လှလှပပလေးတက်သွား၏.. ကားကို မဟာမြိုင်ဘက်ကနေ မောင်းလာခဲ့ရင်း မှတ်တိုင်နားအရောက် နောက်က ဘတ်စ်ကားကြီးက လမ်းတောင်းနေသဖြင့် ဘေးနားခဏကပ်ပေးလိုက်တော့ လမ်းဘေးချိုင့်ထဲ ဘီးက ထိုးကျသွား၏.. ပြတင်းပေါက်အသာဖွင့်ကာ လမ်းနှင့် ဘီးကိုတချက်ကြည့်လိုက်ပြီးမှ..
“တောက်.. မိုးတွင်းဆို အဲ့ဒါပဲ.. လမ်းက ချိုင့်တွေကလည်း ရေတွေနဲ့ဆိုတော့ မမြင်ရဘူး.. တာယာတွေနာတယ်ကွာ..”
“မောင်က တာယာပဲတွေးနေ.. ဟိုမှာ ဘေးနားက လူတွေ ရေစင်ကုန်ပြီ.. အားနာစရာကြီးမောင်ရာ”
မေပြောသော သူတွေကို မောင် တချက်လှမ်းကြည့်လိုက်ပေမယ့် စိတ်မဝင်စားအား.. ကားကို ဆောင့်ကြီးအောင့်ကြီး မောင်းထွက်လိုက်တော့ မေ တစ်ချက်ယိုင်သွားပြီး မျက်စောင်းလဲ့လဲ့ ထိုးလေသည်.. ဒါလည်း လှတာပါပဲလေလို့ တွေးရင်း မုန့်ဖိုး ၁ သိန်းမရလို့ စိတ်တိုနေတာတွေ ပျောက်သွားလေ၏..
မောင်နှင့်မေ ၂။
“ခုနက ကြားလိုက်လား မောင်”
လက်တွဲလျှောက်ရင်း ဒဂုံစင်တာ လှေခါးပေါ်အတက် မေက ခပ်တိုးတိုးမေး၏.. ဘာကိုဆိုလိုသလဲ သိပေမယ့် မောင် အူကြောင်ကြောင်နှင့်သာ ပြန်မေးလိုက်သည်..
“ဘာကိုလဲ မေ”
“ခုနက ပရာဒိုပေါ်တက်သွားတဲ့ အတွဲလေ.. ငယ်ငယ်လေးတွေနော်.. မေတို့ထက်တောင် ငယ်ဦးမလားမသိဘူး.. အဲ့ဒါ ကောင်မလေးက ပိုက်ဆံမရှိလို့ အင်္ကျီမဝယ်လာတဲ့အကြောင်း ပြောနေတာလေ.. သူ မရှိတာကလည်းမောင်ရယ်.. ၂ သောင်းတဲ့.. မေတို့များ ရုံးကနေ အဲ့ ၂ သောင်းလေး ဆုကြေးရလို့ ဒီနေ့ ဈေးဝယ်ထွက်ရတာမဟုတ်လားလို့”
ဘာကို မကျေနပ်ရမှန်းမသိသောမေက စူစူပုတ်ပုတ်ကလေးပြောတော့ မောင်ရယ်သာရယ်ချင်မိသည်.. မေက ကလေးလိုပါပဲ..
“မေကလည်းကွာ.. သူတို့ကုသိုလ်နဲ့ သူတို့ မရှိ ၂ သောင်းဖြစ်နေတာ.. မောင်တို့နဲ့ ဘာဆိုင်လဲကွ.. ခု မောင်တို့ ၂ ယောက် ပိုက်ဆံရှိတယ်.. ဈေးဝယ်ထွက်တယ်.. မေလိုချင်တာကြည့်.. လိုချင်တာဝယ်.. ပြီးရင် စားချင်တာစား.. ကဲ.. ပြီးတာပဲ မဟုတ်လား”
“အို မေလိုချင်တာတွေကတော့ အများကြီးပေါ့.. ရတဲ့ ၂ သောင်းကို ခုနက Taxi ငှားစီးလိုက်တာကပဲ ဘယ်လောက်ကုန်ပြီလဲ.. ကျန်တာလေးနဲ့ အင်္ကျီလေး တစ်ထည် နှစ်ထည် ဖျစ်ညှစ်ဝယ်ရမှာ.. ခုန တစ်ယောက်ပြောသလို ၄ သောင်းတန် အင်္ကျီဆိုရင် အနားတောင် ကပ်နိုင်မှာလား.. ဒါများ စားချင်တာစားဆိုတာက ပါသေးတယ်.. မောင်ဟာလေ”
မောင် တကယ်ကြီးကို ရယ်ချလိုက်မိတော့သည်.. မောင်ကတော့ ၂ သောင်းပဲရှိရှိ ၂ ထောင်ပဲရှိရှိ.. ရှိတာလေးကို သုံးနိုင်တာကိုပဲ ပျော်နေတတ်သူ.. ၄ သောင်းတန် အင်္ကျီမရလည်း ဝမ်းမနည်းတတ်သူ.. တစ်ခါတလေ ပိတ်ရက်လေးတွေမှာ မေနှင့် လျှောက်လည်ရတာကိုပဲ ပိုပြီးတန်ဖိုးထားတတ်သူ..
“မေကလည်း အလကား အပျော်ပျက်အောင် လုပ်နေပြန်ပြီ.. ၄ သောင်းတန် အင်္ကျီလိုချင်ရင် ဆုကြေး ၂ ခါရတာတွေကို စုထားလည်းဖြစ်တာပဲ.. ကဲ နောက်တစ်လ လခထုတ်ရင် ပိုက်ဆံပိုစုထား..ဆုကြေးရတိုင်း ဈေးဝယ်မထွက်ပစ်နဲ့.. ခရီးလေးဘာလေး သွားချင်တယ်ဆို.. အဲ့ဒါတွေစုပေါ့.. ပြောမယ့်သာ ပြောတာ.. ၄ သောင်းတန် အင်္ကျီဘာလုပ်မှာလဲမေရာ.. အဲ့ဒါနဲ့ ခရီးသွားမယ်ဆို ချောင်းသာလေးဘာလေး သွားချင်တောင် ဖြစ်တယ်”
“ချောင်းသာသွားဖို့လည်း စီစဉ်နေတာ ဘယ်နှလရှိနေပြီလဲ.. ပိုက်ဆံ စုမယ် စုမယ်နဲ့နော်.. တကယ်ပါပဲ.. ဘဝများ ကံဆိုးလိုက်တာ.. ငွေလေးကြေးလေးကလည်း မတောက်ပြောင်”
“ခုနက မှတ်တိုင်မှာတွေ့လာတဲ့ အတွဲထက်တော့ သာပါသေးတယ်မေရ.. ”
တက်စီပေါ်ကအဆင်း မှတ်တိုင်မှာ မြင်လာသော အတွဲကို သတိရသွားတော့မှ မေ နည်းနည်းပြုံးလာသည်.. သူတို့ကတော့ မေတို့ထက်ပိုပြီး ဆိုးမှာ သေချာပါသည်.. ကိုယ့်ထက်ဆိုးတဲ့လူနဲ့ ယှဉ်တွေးမှပဲ မေ့မျက်နှာ နည်းနည်းပြန်ကြည်လာ၏.. မောင့်လက်ကို ပိုတိုးဆုပ်ကိုင်လိုက်ရင်း ပြုံးပြ၏.. မေဟာ သိပ်လှတာပဲဟု မောင်လည်း စိတ်ကြည်နူးစွာတွေးလေ၏..
မောင်နှင့်မေ ၃။
ရေစိုရွှဲသွားသော မုန့်ထုပ်လေးကို ကိုင်ကာ မေ ကြောင်စီစီလေး ရပ်နေပုံက တခြားချိန်မှာဆို ရယ်စရာဖြစ်သော်လည်း အခုတော့ မောင့်ခမျာ ပြုံးတောင်မပြုံးရဲ.. ဘာပြောရမှန်း ဘာလုပ်ရမှန်းလဲ မသိ မေ့မျက်နှာကိုတလှည့် မုန့်ထုပ်ကိုတလှည့်ကြည့်နေရင်းမှာပင် မေက ငိုတော့သည်..
“ဟာ .. မေ .. မငိုနဲ့လေ.. မှတ်တိုင်မှာ လူတွေအများကြီး..”
မောင်က လူတွေမြင်မည်စိုးသဖြင့် အသာကွယ်ရပ်လိုက်ရင်း ခပ်တိုးတိုးချော့သော်လည်း မေ အငိုမရပ်.. မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကာ လက်ထဲမှ မုန့်ထုပ်လေးကို ပိုပြီးကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏.. မောင် သက်ပြင်းချလိုက်မိသည်.. မေ သနားပါတယ်..
“မငိုပါနဲ့မေရယ်.. မေဗိုက်ဆာရင် မုန့်ထပ်ဝယ်စားမယ်လေ.. အပြန်ကားခကို မေ့အတွက်ပဲ ချန်ထားလိုက်.. မေအရင်ပြန်သွား.. မောင် ဒီနားလေးက သူငယ်ချင်းဆီ သွားပြီး ညနေမှ သူ့ကားကြုံနဲ့အတူပြန်လာရင် ဖြစ်ပါတယ်မေရ..”
မောင်ထပ်ချော့မှ မေက မျက်ရည်များ သုတ်ကာ မောင့်ကို မော့ကြည့်သည်..
“ဟင့်အင်း မုန့်ထပ်မစားတော့ပါဘူး.. မောင်နဲ့ပဲ တူတူပြန်မယ်..”
“မေ ဗိုက်ဆာနေမှာ စိုးလို့ပါကွာ.. မောင်က ဖြစ်ပါတယ်.. ထပ်ဝယ်စားကြမယ်နော်..”
“ဟင့်အင်း.. မစားဘူး.. အိမ်ရောက်မှ တခုခုစားလည်းဖြစ်တာပဲကို.. ပိုက်ဆံက ၂ ယောက်စာ အပြန်ကားခ အတိပဲ.. ဒါတောင် ခုနက ဟိုအစ်ကိုကြီးတွေ ပြောသွားတဲ့ကားကို စောင့်စီးမှရမှာ.. တခြားကားစီးရင် အဲ့ပိုက်ဆံမလောက်ဘူး မဟုတ်လား.. မစားတော့ဘူးမောင်ရာ.. အိမ်ပဲပြန်စို့ပါ”
“အိမ်ပြန်ရောက်ဖို့က လိုသေးတယ်လေ မေရ.. မနက်က အစောကြီးလာတာတောင် ရွှေတိဂုံဘုရားကို ဘယ်ချိန်မှရောက်လဲ.. မေလည်း သိသားပဲ..”
မေက ခေါင်းသာခါလျက် ငြင်းဆန်နေတော့သည်.. အလာကတည်းက ကားမှားစီးလာသဖြင့် ကားတွေဟိုပြောင်းဒီပြောင်းနှင့် ပိုက်ဆံက ထင်ထားတာထက်ပိုကုန်သွားခဲ့သည်.. ဘုရားပေါ်ကဆင်းတော့ ကားပေါသော မြေနီကုန်းမှတ်တိုင်ထိ လမ်းလျှောက်လာပြီး ဒီနားရောက်မှ မေ ဗိုက်ဆာလွန်းလို့ မုန့်ဝယ်စားဖို့အတွက် ကျန်သော ပိုက်ဆံကို တွက်ချက်ကြ၏.. ဘာကားစီးပြီး ဘယ်လောက်ကျမယ်မှန်း မောင်ရော မေပါမသိ.. ရန်ကုန်မှာပဲနေသော်လည်း ဟိုး စက်မှုဇုန်မှာပင်နေ.. စက်မှုဇုန်မှာပင် အလုပ်လုပ်ကြရတာမို့ ရန်ကုန်မြို့လည်ကို မကျွမ်းကျင်.. ကားခတွက်ရင်း စီးရမည့်ကား စဉ်းစားရင်း မောင်ရောမေပါ အလုပ်ရှုပ်နေစဉ် တက်စီပေါ်က ဆင်းလာသည့် အမကြီးတစ်ယောက်က အနားလာရပ်သည်.. ချစ်သူဖြစ်ပုံရသည့် အစ်ကိုကြီးက ကားငှားခ ငွေပြန်အမ်းသည်ကို စောင့်နေသည့် ထိုအစ်မကြီးက မောင်တို့ ပြောနေသည်ကို ကြားသွားပုံရ၏.. ပြန်ရမည့် ကားနှင့်ကားခကိုပါ တွက်ချက်ပြောပြပေးသွားခဲ့သေးသည်..
“ကျေးဇူးဗျ အစ်ကိုနဲ့အစ်မ.. ကျနော်တို့ အဲ့ကားခ အတိအကျသိမှ ပိုတာကို မုန့်ဝယ်စားကြမလို့လေ”
မောင်က ဝမ်းပန်းတသာ အဖြစ်အပျက်ကိုပါပြောပြတော့ သဘောကောင်းပုံရသည့် ထိုစုံတွဲက ပြုံးပြသွားခဲ့သည်.. မေကတော့ နည်းနည်းရှက်သွားပုံဖြင့် “ဘာလို့ မဆိုင်တာတွေ သွားပြောတာလဲ”ဟု အပြစ်တင်သေးသော်လည်း ကားခအပြင်ပိုနေသော ပိုက်ဆံဖြင့် အနားက ကောက်လှိုင်းတီမုန့် ပြာရည်ထုပ်များ ဝယ်စားလိုက်ရတော့ တခြားကျန်တာတွေ မေ့သွားခဲ့ပုံပဲ..
သို့သော် မေကံဆိုးပါသည်.. အနက်ရောင်ကားအကောင်းစားကြီးတစီးက ရုတ်တရက်အနားကပ်ရပ်လိုက်စဉ် လမ်းဘေးရေအိုင်မှ ရေစက်များက မှတ်တိုင်နားမှာ ငုတ်တုတ်လေးထိုင်နေသော မေ့ကိုရော မေကိုင်ထားသော မုန့်ထုပ်လေးထဲကိုပါ စင်ကုန်သည်.. ကားပေါ်မှ ကောင်လေးက ပြတင်းပေါက်မှန်ကို လျှောကနဲဖွင့်ကာ သူ့ကားဘီးများသူ ငုံ့ကြည့်သော်လည်း မေ့ကိုတော့ဖြင့် ဂရုတောင် စိုက်မိဟန်မတူ.. ဘေးနားက ကောင်မလေးကသာ အားတုံ့အားနာမျက်ဝန်းများနှင့် ကြည့်နေတာ မြင်လိုက်ရသည်..
ခုတော့ လမ်းဘေးဗွက်ရေတွေဝင်နေသော မုန့်တစ်ထုပ်ဖြင့် သူတို့ ဝေခွဲရခက်နေပြီ.. ထပ်ဝယ်စားမလား.. မစားဘဲ တူတူ ပြန်ကြမလား.. မေဗိုက်ဆာနေမှာကို စိုးသလို မေတစ်ယောက်ထဲ ပြန်လွှတ်ရမှာကိုလည်း မလုပ်ချင်.. တွေးနေစဉ်မှာပင် သူတို့စီးရမည်ဆိုသည့်ကားကြီး မှတ်တိုင်မှာ ထိုးရပ်လာပြီ.. မောင် မေ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်.. မေက လက်ထဲမှ မုန့်ထုပ်ကို အနားရှိ အမှိုက်ပုံးကြီးထဲကို ပစ်ထည့်လိုက်ပြီး ဖျတ်ကနဲ ကားနားပြေးကပ်သွား၏.. ပြီးမှ ကြောင်အစွာ ကြည့်နေသော မောင့်ဘက်လှည့်ကာ ပြုံးပြရင်း “လာလေ” ဟုခေါ်၏.. မောင် အပြေးလေးလှမ်းသွားရင်း တွေးလိုက်မိသည်.. မေက သိပ်ကြံ့ခိုင်တာပဲ..
ထို့နောက် သူတို့ပျော်ရွှင်စွာပင် လက်ချင်းတွဲလျက် ကားကြီးပေါ်ကို တိုးဝှေ့တက်သွားကြလေသည်..
“ပျော်စရာဆိုတာ လိုအပ်တယ်လေ မောင်ရဲ့”လို့ ကျမက ပြောတော့ ဝမ်းနည်းစရာ စိတ်ပျက်စရာများစွာကိုသာ အသားကျလက်ခံနိုင်စွမ်းရှိပြီး မည်သို့မည်ပုံပျော်ရမှန်းမသိတတ်သည့်မောင်က “လိုအပ်တာနဲ့ ဖြစ်နေတာက အမြဲတော့မတူနိုင်ဘူးလေ”ဟုသာ ပြန်ပြီးပြောခဲ့၏.. “မပျော်တတ်တာက အကျင့်ဖြစ်နေပြီ ဘယ်လိုမှလုပ်မရတော့ဘူး”လို့ ဆိုပြန်တော့ ဘာကိုမဆို ပျော်ရွှင်ရယ်မောလိုက်ဖို့ ဝန်မလေးတတ်သည့် ကျမက “ပျော်စရာဆိုတာ အကျင့်လုပ်ပြီးပျော်ရတာလား”ဟု စဉ်းစားတွေဝေသွားရတော့သည်..
ကျမအတွက်ကတော့ ပျော်စရာသည် သိပ်ပြီးမရှားပါးလှ.. မနက်ခင်းအိပ်ရာမှ နိုးထလာသည့်အချိန် မီးလာနေလျှင်ပျော်စရာဖြစ်သည်.. အလုပ်ကိုသွားသည့်အခါ နှေးနှေးကွေးကွေးမောင်းတတ်ပြီး လူအင်မတန်ကျပ်သည့် ကားမဟုတ်ဘဲ မှတ်တိုင်တစ်ချို့မှာသာရပ်ပြီးမြန်မြန်မောင်းတတ်သည့် အထူးယာဉ်လိုင်းဘတ်စ်ကားပေါ် တက်ခွင့်ရလိုက်တာကလည်း ပျော်စရာဖြစ်သည်.. ရုံးကိုရောက်လို့ လေအေးပေးစက် ကောင်းကောင်းအလုပ်လုပ်နေလျှင်လည်း ပျော်စရာဖြစ်သည်.. မကြာခဏ ကြောင်တတ်ပြီး အင်တာနက်ပြတ်တောက်သွားစေတတ်သည့် ကျမကွန်ပျူတာမှ USB router လေး တစ်နေကုန်ကောင်းနေလျှင်လည်း ပျော်ရသည်.. ရုံးဆင်းသောအခါ မန်နေဂျာအန်တီကြီး၏ ကားကြုံဖြင့် ခရီးတစ်ဝက်ခန့်ထိ လိုက်လို့ရတာကလည်း ပျော်စရာပဲ..
ကျမတို့ Twilight ရုပ်ရှင်ကားကိုကြည့်ကြတော့ သမန်းမျိုးနွယ်မင်းသားနှင့် လူသားမင်းသမီး၏ ချစ်ခြင်းကို လှပစွာရိုက်ကူးသွားပြခဲ့သည်ဟု ကျမက ကျေနပ်နှစ်သက်စွာ စိတ်ကူးယဉ်ဆဲ မောင်ကတော့ “ဘယ်လိုဇာတ်လမ်းကြီးလဲကွာ အံ့ရော”ဟု မှတ်ချက်ချခဲ့သူဖြစ်သည်.. မောင့်ကို စိတ်ကူးမယဉ်တတ်သူဟု ကျမက စွပ်စွဲတော့ ပြုံးပြုံးလေး မောင်က ငြင်းဆန်ခဲ့၏.. “မောင့်မှာ စိတ်ကူးတွေမှ အများကြီးပဲ သော်ရဲ့”.. ဒါပေမယ့်လည်း မောင့်စိတ်ကူးတွေက နည်းနည်းမှရင်ခုန်ဖို့မကောင်းပါ.. “မောင်က မောင်တို့နိုင်ငံကို အောင်မြင်တဲ့ neo-socialism ဖြစ်စေချင်တယ်.. အရင်တုန်းကလို တလွဲကြီးမျိုးမဟုတ်ဘူးလေ.. အဲ့ကောင်းကင်အောက်မှာ ဆင်းရဲတဲ့လူနဲ့ ချမ်းသာတဲ့လူရဲ့ နောက်ဆုံးဝင်ငွေချင်း သိပ်မကွာဘူး.. သူက ဘယ်လိုဖြစ်ရမလဲဆိုတော့.. ” .. ဟင် မောင့်စိတ်ကူးတွေကလည်းကွယ်.. ကျမက မပျော်တတ်သော ဘဝကို ပြောင်းလဲပစ်ဖို့ကိုများ အခြေခံပြီး စိတ်ကူးယဉ်မလားလို့ ထင်ထားခဲ့တာ.. ကျမ မောင့်ကို သေချာနားမလည်သေးဘူးထင်ပါတယ်..
“မနက်ဖြန် သူဌေးနဲ့ ချောင်းသာကိုလိုက်သွားရမယ် သော်.. ၃ ရက်လောက်ကြာမလားမသိဘူး”.. အလုပ်များလွန်းပြီး စိတ်တိုလွယ်လွန်းသော မောင့်သူဌေးနှင့် ချောင်းသာသွားရမည်မှာ အလုပ်ကိစ္စကလွဲလို့ တခြားတော့မဖြစ်နိုင်ပါ.. သို့သော်လည်း ခရီးသွားလိုက်ရလျှင်တော့ မောင့်စိတ်ပင်ပန်းမှုများ အသင့်အတင့်ပြေပျောက်ကောင်းပါရဲ့လို့တွေးပြီး မောင့်အစား ကျမက ပျော်ရွှင်နေခဲ့မိသည်.. “ပင်လယ်ကြီးကို မြင်ရရင် မောင်ပျော်မှာပါ” လို့ဆိုတော့ ဘာလို့သတ်မှတ်ရခက်သည့် အပြုံးဖြင့်သာ ကျမကို ပြန်ကြည့်နေခဲ့သည်.. ခရီးသွားရမှာကိုလည်း ပျော်ရွှင်ရင်ခုန်ရကောင်းမှန်းမသိပါလား.. “အလုပ်တွေပြီးပြီ သော်.. အခု ဟိုတယ်မှာ.. ခဏနေရေထဲဆင်းဆော့လိုက်ဦးမယ်” လို့ ဖုန်းလှမ်းဆက်ပေမယ့် မောင့်အသံမှာ တက်ကြွမှု မပါပါ.. “သော်နဲ့ သွားရရင်တော့ မောင်ပျော်နေမှာလားဟင်”လို့ မရှက်တော့ဘဲ မေးလိုက်ပြန်တော့ “မောင့်အတွက်တော့ ပင်လယ်က ပင်လယ်ပါပဲ”တဲ့.. ကဲ.. သူ့အကြောင်းသာ မသိထားဘူးဆိုလျှင် အကြီးအကျယ်စိတ်ဆိုးမိတော့မှာ.. ခုတော့ သက်ပြင်းကိုသာချလိုက်မိတော့သည်.. ချစ်သူနှင့် ခရီးထွက်ရမယ်လို့ပင် စိတ်ကူးယဉ် ပျော်ရွှင်ဖို့ မတတ်သည့်မောင်ပါလားနော်..
ရုံးပိတ်ရက်တစ်ညနေ ကျမတို့ လှည်းတန်းလမ်းမကြီးပေါ်မှာ လက်ချင်းတွဲပြီးလျှောက်သွားနေခဲ့ကြဖူးသည်.. ရေခဲမုန့်ရောင်းသော ဆိုင်ကိုတွေ့တော့ ကျမက မနေနိုင်စွာပင် ရေခဲမုန့်ဝယ်ကျွေးဖို့ပူဆာသောအခါ မောင်က ခေါင်းကိုခါယမ်းလျက် “ကလေးပဲ တကယ့်ကလေးပဲ”ဟု ရေရွတ်နေပါသည်.. ပြီးတော့ ကျမ ရေခဲမုန့်စားနေသည်ကိုကြည့်ပြီး ပြုံးယောင်ယောင်လုပ်နေသဖြင့် ကျမက ဘာဖြစ်နေလဲလို့ မလုံမလဲမေးမိတော့၏.. “အော်.. အဲ့ဒိနေ့ကလည်း သော်ရေခဲမုန့်စားတယ်လေ” ဟု ပြန်ဖြေပါသည်.. ကျမတို့ နှစ်ယောက်ကြားမှာ အဲဒိနေ့ဆိုတာက ကျမတို့ ချစ်သူဖြစ်ခဲ့ကြသော နေ့ကို ဆိုလိုပါသည်.. သူငယ်ချင်းမိတ်ဆွေများဘဝကတည်းက ကျမတို့ အတူတွဲသွားတွဲလာလုပ်လေ့ရှိကြပြီး အဲဒိနေ့ကလည်း ကျမတို့ လှည်းတန်းလမ်းမပေါ်မှာ သွားနေကြရင်း ကန်တော့ခွက်ကလေးများနဲ့ ရေခဲမုန့်မြင်လျှင် မနေနိုင်သူ ကျမက ရေခဲမုန့်ဝယ်စားခဲ့၏.. ပြီးတော့ ကျမတို့ ဘတ်စ်ကားစောင့်နေကြရင်း မောင်က သူ့ကိုချစ်လားလို့ မေးခဲ့ပါသည်.. လူရှုပ်ရှုပ်မှတ်တိုင်ကြီးမှာ ကားစောင့်နေသော ရေခဲမုန့်ကိုင်ထားသည့် ကျမကလည်း “အင်း” ဟုပြန်ဖြေလိုက်တော့ ကျမတို့ ချစ်သူများဖြစ်သွားကြလေသည်ပေါ့..
“အဲဒိနေ့က ရေခဲမုန့်စားတော့ ဘာဖြစ်လို့လဲ”
“အဲဒိနေ့က သော်ရေခဲမုန့်ဝယ်တော့ တစ်ခုထဲမှ မဟုတ်တာ.. အနားလာပြီး ပိုက်ဆံတောင်းနေတဲ့ ကလေးလေးမောင်နှမနှစ်ယောက်ကိုပါ ဝယ်ကျွေးခဲ့တာမဟုတ်လား”
ကျမ မှတ်မိပါသည်.. သို့သော် အဲဒါကရော ဘာဖြစ်လို့ပါလဲ.. နားမလည်သေးသလို မောင့်ကို မျက်မှောင်ကုပ်ပြီးမော့ကြည့်တော့ မောင်က ပြုံးလျက်ဆက်ပြောပြရပြန်သည်..
“အဲ့ဒိအချိန်မှာပဲ သော့်ကို အရမ်းချစ်နေမှန်း မောင့်ကိုယ်မောင် သေချာသွားတာလေ.. အဲဒါနဲ့ ကားစောင့်နေရင်း ဘယ်လိုမှ မနေနိုင်လို့ ပြောလိုက်မိတာ.. သော်က အင်းလို့ပြန်ဖြေတော့ အဲ့ဒိနေ့က မောင်သိပ်ပျော်သွားတာပဲ.. အဲ့ဒိတုန်းက ခံစားမှုတွေ မြင်ခဲ့တာတွေ.. သော့်အဝတ်အစား.. သော့်မျက်နှာ.. ရေခဲမုန့်အနံ့ကအစ မောင်မှတ်မိနေသေးတယ် သော်ရဲ့”
ဘယ်တုန်းကမှ ရင်ခုန်စရာစကားများကို မပြောဖူးသူ မောင့်ပါးစပ်က ထိုစကားမျိုးထွက်လာတော့ ကျမ အံ့သြကြီးစွာ မျက်လုံးပြူးသွားမိပါသည်.. မောင့်ကို မပျော်တတ်ဘူးလို့ ကျမက ထင်ထားတာ.. မောင်ကတော့ဖြင့် ကျမဆီက အဖြေရတဲ့နေ့ကို အမှတ်တရပျော်စရာအဖြစ် မှတ်မိနေဆဲပါလား.. နည်းနည်းလည်း အနေရခက်သွားပြီး အဲ့ဒိနေ့က မောင်ဘာဝတ်ထားလဲလို့ ကျမ ပြန်စဉ်းစားကြည့်မိ၏.. ၂ နှစ်ကျော်ကြာခဲ့ပြီမို့ မောင်ဝတ်နေကျ ရှပ်အင်္ကျီကွက်နဲ့ ကချင်ပုဆိုးအကွက်စိပ်စိပ်ပဲဖြစ်မယ်လို့ ခန့်မှန်းမိတာကလွဲလို့ မမှတ်မိတော့.. မောင့်မျက်နှာမှ အပြုံးက အတော်ကြာသည်ထိ မပျောက်ကွယ်လေ ကျမပို၍ အခံရခက်လေ ဖြစ်လာပါသည်.. ဒီအတိုင်းဆိုရင်ဖြင့် မှန်ကန်စွာ မပျော်တတ်သူက မောင်လား ကျမလား..
ပြန်ပြီးဆန်းစစ်ရဦးမည်..
ကျမမှာ သိပ်ချစ်ခင်တွယ်တာရသော ယောက်ျားတစ်ယောက်ရှိသည်.. ယောက်ျားတစ်ယောက်လို့ သုံးနှုန်းခြင်းထက် စက်ရုပ်တစ်ရုပ်ဟု ပြောလျှင် ပိုများမှန်မလား.. သူသည် ရယ်မောတတ် ခံစားတတ်သော်လည်း လှိုက်လှဲခြင်းမရှိလှ.. ရင်ခုန်ပျော်ရွှင်ဖွယ် အဖြစ်အပျက်များကို ပြောပြလျှင်လည်း ကျမနှင့်အတူ လိုက်ပါခံစားတတ်ခြင်းမရှိလှပါ.. မရယ်မောတတ်သော လူတစ်ဦးကို မအံ့သြလှသော်လည်း ကျမသိချင်နေသည်မှာ သူ ငိုကြွေးတတ်သလားဟု….
ငယ်ငယ်တုန်းကတော့ ယောက်ျားလေးများသည် မငိုတတ်ဟု ကျမတကယ်ပင်ယုံကြည်ခဲ့ဖူးသည်.. ကျမနှင့် ရွယ်တူသူငယ်ချင်းကောင်လေးများ တစ်ခုခုကို အလိုမကျခြင်းကြောင့်လည်းကောင်း၊ နာကျင်ဒဏ်ရာကြောင့်လည်းကောင်း ငိုကြွေးသောအခါ လူကြီးများက “ယောက်ျားလေးဖြစ်ပြီး ငိုနေတာ မရှက်ဘူးလား တိတ်တိတ်”ဟု ခြိမ်းခြောက်ခြင်းတဝက်ဖြင့် ချော့မော့တတ်ကြသောကြောင့် ယောက်ျားလေးဆိုတာ မငိုရဘူးဟု စွဲမြဲထင်မှတ်မိခဲ့ခြင်းဖြစ်ဟန်တူပါသည်..
ယောက်ျားလေးဆိုတာ မငိုရဘူးလို့ ယုံကြည်ထားခဲ့သောကျမသည် သဘာဝကျစွာပင် မိန်းကလေးမို့ငိုတယ်ဆိုသော အယူအဆကိုလည်း လက်ခံကျင့်သုံးခဲ့သူဖြစ်သည်.. တစုံတစ်ခုကို အလိုမကျလျှင် ကျမငိုသည်.. တစ်ခုခုထိခိုက်မိသဖြင့် နာကျင်လျှင် ကျမငိုသည်.. တစ်ဦးတစ်ယောက်က ကျမကို စကားမာမာထန်ထန်ပြောရုံဖြင့် ငိုသည်.. တစ်ဦးတစ်ယောက်က ကျမ မကြိုက်တာကို စနောက်လျှင်လည်းငိုသည်.. ဘယ်လောက်များလည်းဆိုရင် သူများငိုတာကိုမြင်ရုံနှင့်လည်း ကျမပါ ဝမ်းနည်းပန်းနည်း ငိုချင်လာတတ်ခြင်းပင်.. လွယ်လင့်တကူ ဝမ်းနည်းငိုကြွေးတတ်သော ကျမသည် ဝမ်းနည်းစိတ်ကိုလည်း အလွယ်တကူ ဖြေဖျောက်နိုင်သူဖြစ်သည်.. တစ်ခုခုအပြစ်လုပ်ထားသဖြင့် ကျမအဖေအမေတို့က ဆူပူလျှင် အာပြဲကြီးနှင့် ကျမအော်ငိုတတ်ပြီး ခဏနေလျှင် အမေ့ရင်ခွင်ထဲခေါင်းဝင်တိုးကာ ချွဲနွဲ့တတ်မြဲ.. ကျမ၏ အစ်ကိုဖြစ်သူကတော့ “အလကား စိတ်ကောက်တာတောင် ဇွဲရှိရှိမကောက်တတ်တဲ့ ကောင်မလေး”ဟု ကျမကိုလည်း မကြာခဏပြောတတ်ပါသည်..
ထိုအူကြောင်ကြောင် သတ်မှတ်ချက်ကို ယုံကြည်ကြီးပြင်းခဲ့ရာ ကျမ၏ ဘဝတစ်လျှောက်တွင် ငိုကြွေးတတ်သော အရွယ်ရောက်ယောက်ျားအများအပြားကို မြင်တွေ့ခဲ့ရတော့ အတော်လေးကို အံ့အားသင့်ခဲ့မိတာ အမှန်ပင်.. ပထမဆုံးကျမရှေ့မှာ ငိုကြွေးသောယောက်ျားမှာ အားလုံးထင်ထားသလိုပင် ကျမအစ်ကိုဖြစ်ခဲ့ပါသည်.. မကြာခဏသစ်ပင်ပေါ်တက်ကာ စာကျက်လေ့ရှိသော ၈ တန်းကျောင်းသားသည် မကြာခဏသစ်ပင်ပေါ်မှ ပြုတ်ကျလေ့ရှိတာ မဆန်းလှပါ.. သို့သော် ထိုနေ့ကတော့ ကျမအစ်ကိုပြုတ်ကျခဲ့ရာ သစ်ပင်အောက်တွင် ကျမ၏ စက်ဘီးကို ရပ်ထားခဲ့မိ၏.. စက်ဘီး၏စတီးလက်ကိုင်နဲ့ ခြစ်မိရာနားထင်စွန်းတွင် ဟက်တက်ကွဲရာကြီးက သိသာလွန်းစွာ သွေးများတစက်စက်ကျနေခဲ့ပါသည်.. သွေးများကိုမြင်ပြီး ထိတ်လန့်တကြားဖြင့် ကျမအော်လိုက်မိတော့ ကိုကို့မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်လာတော့သည်.. လူကြီးတွေ အပြေးအလွှားရောက်လာကြကာ ကျမအစ်ကိုကို ဆေးခန်းသို့ခေါ်သွားပါသည်.. လက်နှင့်မျက်နှာမှာ ပတ်တီးအဖွေးသား မျက်ရည်အရွှဲသားနှင့် ဆေးခန်းမှ ပြန်ရောက်လာသော ကျမအစ်ကိုကိုမြင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ ပြေလျော့ကာ ရယ်ချင်စိတ်ဖြင့် စနောက်မိ၏.. “အလကား ကိုကိုက ယောက်ျားမဟုတ်ဘူး.. အနာဖြစ်တော့ငိုတယ်”.. ကိုကိုက ဘာမှပြန်မပြောနိုင်ဘဲ လက်သီးသာဆုပ်ပြခဲ့ပြီး မေမေကတော့ “ယောက်ျားလေးလည်း နာတတ်တာပဲ သမီးရဲ့.. ကိုကိုက ၄ ချက်တောင် ချုပ်ခဲ့ရတာ.. နာတော့ငိုတာပေါ့” တဲ့..
အသားနာသောအခါ ယောက်ျားလေးများလည်း ငိုတတ်တာပဲလို့ ကျမနားလည်ထားခဲ့ပြီး အတော်ကြာကြာပင် ငိုကြွေးသော ယောက်ျားများကို မမြင်ခဲ့ရပြန်ပါ.. ပြီးတော့ ဒုတိယမြောက် ကျွန်မရှေ့တွင်ငိုကြွေးသော ယောက်ျားမှာ အသားနာသောကြောင့်မဟုတ်ပဲ ဆုံးရှုံးမှုတစ်ခုကြောင့်ဖြစ်ခဲ့၏.. ကျမနှင့် အချစ်ခင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းမှာ ညီထွေးဟူသော ကောင်လေးတစ်ယောက်ဖြစ်ပါသည်.. မိန်းကလေးနှင့် ယောက်ျားလေး ထိုမျှရင်းနှီးခင်မင်ခြင်းကို မအံ့သြခဲ့ပဲ ကျမတို့ ၂ ဦးစလုံးကို တန်းတူချစ်ခင်သော လူများထဲတွင် ညီထွေး၏ မေမေလည်းပါဝင်ခဲ့သည်.. ကျမတို့ ပထမနှစ်တက္ကသိုလ်စတက်သောနှစ်တွင် ညီထွေးတစ်ယောက်ကျမအိမ်သို့ အပြေးအလွှားရောက်လာခဲ့ဖူးပါသည်.. “မေမေဆုံးသွားပြီ သော်” ဟု သူပြောလာတော့ ကျမအံ့သြထိတ်လန့်စွာ ကြောင်အနေခဲ့သည်.. ညီထွေးငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အမေနှင့် သား နှစ်ဦးတည်းတည်ထောင်လာခဲ့သော မိသားစုဘဝလေး ပြိုလဲသွားချိန်တွင် ညီထွေးခံစားရမည့် ဆုံးရှုံးမှု လစ်ဟာမှုအတိုင်းအဆကို မှန်းဆကြည့်မိတော့ ကျမပါ ငိုချင်စိတ်ဖြစ်လာရ၏.. မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသော ညီထွေးရှေ့မှာ ထိုင်လျက် ဘာစကားမှမပြောနိုင်ပဲ မျက်ရည်တွေတွေကျကာ အကြာကြီး ငြိမ်သက်နေမိခဲ့ပါသည်..
ယောက်ျားများ မျက်ရည်ကျခြင်းကို နားလည်စွာလက်ခံလာချိန်တွင် ကျမအတွက် ယောက်ျားနှစ်ယောက်မျက်ရည်ကျတော့ အံ့သြတကြီးတုန်လှုပ်သွားခဲ့ပါသည်.. အသားနာစေခြင်းထက်ပိုသော စိတ်ကိုနာကျင်စေသောကြောင့် ထိုယောက်ျားနှစ်ယောက် မျက်ရည်ကျရသည်ဟူသော အသိက ကျမကိုယ် ကျမ အပြစ်ရှိသလို ခံစားရစေသည်.. နှစ်ဦးစလုံးကို ပျော်ရွှင်စေလိုခဲ့သော ကျမသည် တကယ်တမ်းမှာတော့ နှစ်ဦးစလုံးကို နာကျင်စေခဲ့မိသည်ထင်ပါသည်.. ကိုကိုငိုကြွေးစဉ်က ရယ်မောလှောင်ပြောင်ခဲ့ပြီး ညီထွေးငိုကြွေးစဉ်က မျှဝေခံစားခဲ့သော ကျမသည် ထိုလူနှစ်ဦးငိုကြွေးရချိန်မှာတော့ လျစ်လျူရှုရှောင်ပြေးခဲ့ရသည်.. ထိုကိစ္စကို တွေးမိတိုင်း အမြဲပင် ကျမနောင်တရလျက် ပူလောင်လာရသည်.. လူတစ်ယောက် ကိုယ့်အတွက်မျက်ရည်ကျသည်ဟု သိရသောအခါ ခံစားရသည့် စိတ်ဆင်းရဲမှုသည် လူနှစ်ယောက်ဟုသိရချိန်.. အထူးသဖြင့် ယောက်ျားနှစ်ယောက်ဖြစ်နေချိန်တွင် အတော့်ကိုလောင်မြိုက်စေနိုင်သော မီးတောက်တစ်ခုဖြစ်ခဲ့ပါသည်..
အဲသည့်ကိစ္စပြီးသည့်နောက်မှာတော့ လူတွေကို သံယောဇဉ်သိပ်မတွယ်မိစေဖို့နဲ့ လူတွေကို သံယောဇဉ်တွေသိပ်မပေးမိဖို့ ကြိုးစားနေထိုင်မည်ဟု ကျမဆုံးဖြတ်ခဲ့ပါသည်.. လောင်မြိုက်စေတတ်သော မီးတောက်များကို ကြောက်လန့်စိတ်ဖြင့်ပေါ့.. သို့သော် ငိုလွယ်ရယ်လွယ်သော ခံစားလွယ်မေ့ပျောက်လွယ်သော ကျမသည် ထိုဆုံးဖြတ်ချက်ကို အောင်မြင်အောင် အကောင်အထည်မဖော်နိုင်ခဲ့ပြန်.. လူပေါင်းများစွာနှင့် တွယ်ငြိပတ်သက်မြဲ.. လူပေါင်းများစွာကို နှစ်လိုချစ်ခင်မြဲ.. လူပေါင်းများစွာအတွက် ခင်မင်နှစ်သက်ဖွယ်ဖြစ်မြဲ.. ပိုပြီးထူးသည်မှာ ခံစားမှု ပျော်ရွှင်မှု ဝမ်းနည်းဝမ်းသာ အားလုံးကို ထိန်းချုပ်တည်ငြိမ်တတ်သော ထိုလူအား စွဲလန်းနှစ်သက်ခဲ့ခြင်းပင်..
မရယ်မောတတ်သော ထိုလူကို တစ်ခါတရံအားရပါးရပြုံးလာအောင် ကျမ လုပ်နိုင်ခဲ့သည်.. နေ့စဉ်နှင့်အမျှ စာရင်းဇယားများဖြင့် အချိန်ကုန်ခြင်းကို အပြောင်းအလဲဖြစ်အောင် အနုပညာပြပွဲများ စာအုပ်ပွဲတော်များ ရုပ်ရှင်ရုံများသို့ ကျမခေါ်သွားနိုင်ခဲ့သည်.. သို့သော်.. ကျမသိချင်နေသည်မှာ သူ ငိုတတ်ပါသလား.. ဘဝ၏ စိန်ခေါ်မှုများ များပြားသော.. စိတ်ဖိစီးမှုများသော မကြာခဏလဲပြိုလိုက် ပြန်လည်ထူမတ်လိုက်ရှိနေတတ်သော ထိုလူတွင် မျက်ရည်များရှိနေပါသလား..
ယခုထိတော့ ထိုမေးခွန်းအတွက် ကျမအဖြေရှာမတွေ့သေးပါ..
အမျိုးသမီးကိုမြင်မြင်လိုက်ချင်းပဲ ဒီလေ့လာရေးကိုလိုက်လာမိတာ မှန်သွားပြီလို့သိလိုက်သည်.. သူ့မျက်နှာက အတော်လေးကို ကျက်သရေ ရှိသည်.. သို့သော် အေးချမ်းတည်ငြိမ်သောမျက်နှာမျိုးတော့မဟုတ်.. ထက်မြက်စူးရှသောမျက်ဝန်းများ.. ဖြောင့်စင်းစင်းနှာတံ.. ပိရိ၍ပြတ်သားမည့်ပုံပေါ်သည့် နှုတ်ခမ်း.. ခပ်ဝိုင်းဝိုင်းမျက်နှာကျနှင့် ခေါင်းဆောင်မှုစွမ်းရည် အပြည့်အဝရှိမည့်ပုံမျိုး.. သူ့ကားပေါ်မှာ ပါလာသည့် ခရီးသည်အားလုံးကို စိတ်အညိုအငြင်မခံစေဘဲ သို့သော် စည်းကမ်းလည်းသေဝပ်စွာ သူထိန်းသိမ်းသွားနိုင်လိမ့်မည်ထင်သည်..
နောက်ဆုံးနှစ် ပန်းချီကျောင်းသားများ၏ လေ့လာရေးခရီးစဉ်မို့ သွားလာမည့်နေရာသိပ်မများ.. သို့သော် တစ်နေရာရောက်ရင်ဖြင့် မပြီးနိုင်မစီးနိုင်ကြာမှာက သေချာနေသည်.. ပုဂံဘုရားနံရံများမှ ဆေးရေးပုံများကို မှတ်စုတွေထဲကူးမည်.. ကနုတ်တွေလေ့လာရမည်.. သမိုင်းနောက်ခံအကြောင်း အနည်းငယ်သိဖို့လည်းလိုဦးမည်.. ပတ်ဝန်းကျင်အဆင်ပြေသောဘုရားဆိုလျှင် အောက်ဒိုးရေးကြမည်.. ပန်းချီနှင့်ပတ်သက်သောလိုအပ်ချက်များကိုမေးလိုပါက ကူညီပေးဖို့ ကျောင်းမှ ကထိက ဆရာ ၂ ယောက်၊ ဆရာမ ၁ ယောက်ပါလာပြီးပြီ.. သို့သော် ဘုရားနောက်ခံသမိုင်းတွေနှင့် ဒေသန္တရဗဟုသုတတွေ.. နယ်မြေအခြေအနေတွေနဲ့ ခရီးစဉ်တွေအတွက် ကျွမ်းကျင်သော ဧည့်လမ်းညွှန်တစ်ယောက်ကို အားလုံးသဘောတူ ငှားရမ်းခဲ့ကြသည်..
အမျိုးသမီးက အသက် ၃၅ နှစ်ဝန်းကျင်လောက်ဖြစ်မည်.. အရပ်ပုပုပျတ်ပျတ် ကိုယ်ခန္ဓာကပြည့်ပြည့်ဖြိုးဖြိုး.. အမြဲတမ်း ပါတိတ်ဝမ်းဆက်ကို ဝတ်လေ့ရှိသည်.. ပါတိတ်ဝတ်လျှင် တောဆန်သလိုအမြဲထင်မြင်မိသော ကျမသည် သူ့ကိုကျတော့ ကြည့်လို့လှသားပဲလို့ မှတ်ချက်ချမိသေးသည်.. ခရီးစဉ်အစ ကျောင်းဝင်းထဲမှာ ကျောင်းသားများကို စုစေပြီး ဆရာတွေအမှာစကားပြောကတည်းက သူကပါ ကျောင်းသားကျောင်းသူအားလုံးကို မိတ်ဆက်စကားပြော၏.. သူ့အသံက အနည်းငယ်စူးရှပြီး စွာသလိုပဲ.. သို့သော် နားထောင်လို့တော့ အဆင်ပြေနေပါသည်.. “ကျမ ပန်းချီကို မဆွဲတတ်ပါဘူး.. ဒါပေမယ့် ကျမအလုပ်ရဲ့ အပိုင်းကဏ္ဍ တစ်ရပ်အနေနဲ့တော့ စိတ်ဝင်တစားရှိတယ်.. သိတယ်.. ကျမ ရှင်တို့အားလုံးကို အကောင်းဆုံးအကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” တဲ့.. “ဆရာကြီးစတိုင်နဲ့” လို့ ကျမ သူငယ်ချင်း ဇေယျာက မှတ်ချက်ချ၏.. “ဟင့်အင်း.. ယုံကြည်မှုအပြည့်ရှိတဲ့ စတိုင်လ်ပါ” လို့ ကျမ ပြန်ပြောလိုက်တော့ သူက ကျမခေါင်းကို ဘုန်းကနဲတစ်ချက်ထုပါသည်.. ကျမ ရယ်မောနေလိုက်၏..
ကားပေါ်ရောက်တော့ သူက ဒရိုင်ဘာနောက်ဘက် တစ်ယောက်ထဲခုံမှာ နေရာယူပါသည်.. သူ့နောက်ထိုင်ခုံမှာမှ ဆရာ ဆရာမတွေ.. ကျမထိုင်သော ခုံက ကားနောက်ပိုင်း ဘီးခုံးကြီးပေါ်မှာမို့ တစ်ကားလုံးမှာအမြင့်ဆုံးနေရာဖြစ်သည်.. ကားတစ်စီးလုံးကို ရှေ့မှနောက်ထိ ကောင်းစွာမြင်နိုင်နေပြီး မြင်ရသလောက်လည်း သူသည် ဒရိုင်ဘာနှင့် လမ်းတွေအကြောင်း တစ်ခွန်းနှစ်ခွန်းပြောသည်ကလွဲလို့ ဆရာမတွေနဲ့တောင် စကားလက်ဆုံမကျပါ.. သို့မဟုတ် စကားလက်ဆုံကျဖို့ မကြိုးစားပါ.. ဘယ်လိုဧည့်လမ်းညွှန်မျိုးပါလိမ့်.. သူနဲ့ခရီးသွားရတဲ့ ဧည့်သည်တွေကတော့ ပျင်းလို့သေမှာပဲထင်သည်.. ကျောင်းသားကျောင်းသူတွေချည်းပဲ ပါသောကားဆိုတော့ သီချင်းသံ စနောက်သံ ရယ်မောသံတွေဆူညံနေသော်လည်း သူကတော့ မကြားသလို မသိသလိုပင်.. တစ်ကားလုံး တအုန်းအုန်းရယ်မောသည်အထိ ပွဲကျစေသောဟာသတွေကိုလည်း သူမရယ်ပါ.. တော်တော်ထိန်းချုပ်တတ်ပုံရသည့်မိန်းမ..
ကျမတို့ ပုဂံခရီးစဉ်က သူများတွေလို တစ်နေ့တည်း ဘုရားတွေ အများကြီးရောက်ဖို့ ရည်ရွယ်ချက်မရှိပါ.. တချို့တွေလို စွယ်တော်လေးဆူ တစ်နေ့တည်းဖူးရဖို့ မည်သူမှ စိတ်မကူးပါ.. အာနန္ဒာဘုရားကိုရောက်တော့ ဘုရားပွဲအချိန်နှင့် ကြုံကြိုက်သည်မို့ ဘုရားအပြင်မှာ ဈေးတန်းကြီးက အတော်စည်ကားနေသည်.. မြေအိုးရောင်စုံ အရွယ်စုံတွေ.. ရုပ်သေးရုပ်တွေ.. တောင်းတွေပလုံးတွေ.. အဝတ်အထည်တွေ.. ဒေသအစားအသောက်တွေ.. ကျမတို့ထဲက ဘယ်သူမှ ဘုရားထဲမရောက်ဖြစ်ကြဟုပြောလျှင် ယုံကြပါ့မလားမသိ.. အပြင်ဘက်ဈေးတန်းထဲမှာပဲ ခဲ Sketch အမြန်ခြစ်သူကခြစ်.. ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သူကရိုက်ဖြင့် ကျမတို့ ပျော်ရွှင်ပြည့်စုံနေကြသည်.. ပုဂံကိုရောက်ပြီးမှ အာနန္ဒာဘုရားထဲ ခြေပင်မချသည့် အနုပညာသည်ပေါက်စလေးများကို သူကတော့ စိတ်ပျက်လက်ပျက်သာ ကြည့်နေတော့၏.. ကျမကတော့ သူ့မျက်နှာကို အပြောင်းအလဲတစ်ခုဖြစ်သွားအောင် ကျမတို့က လုပ်လိုက်နိုင်တာကို ပျော်နေမိသည်..
နောက်ထပ်နောက်ထပ်ဘုရားတွေမှာလည်း ကျမတို့ သူ့ကိုအတော်လေး ဒုက္ခပေးကြသေးသည်.. သူလိုက်ပြနေသော ဘုရားဆင်းတုတွေကို ပေါက်ဆိန်ပေါက်ဦးချ.. သူရှင်းပြသော သမိုင်းနောက်ခံတွေကို ကသောကမျောသာမှတ်သားပြီး အားလုံးက ဘုရားအတွင်းလှေခါးမှတဆင့် ဘုရားပေါ်တက်ရန်သာ စိတ်ထက်သန်နေကြသည်.. ပုဂံဘုရားအများစုမှာ အပေါ်တက်ဖို့တားမြစ်ထားပါသည်.. သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာနများ၏ ခွင့်ပြုချက်လက်မှတ်များပါသော ကျောင်းသားများမို့ အပေါ်တက်လေ့လာရန်ခွင့်ပေးထားခြင်းဖြစ်သည်.. “ကျမတောင် ဒီပေါ်မတက်ဖူးသေးဘူး”ဟု သူက ဆရာ့ကို ပြောနေ၏.. အပေါ်ရောက်ပြန်တော့လည်း သူ့ခမျာ မအားရတော့ရှာ.. ဟိုဘက်က ဘာဘုရားလဲ.. ဒီဘက်ကဘာလဲ.. ဟိုးမှာမြင်ရတာ ဓမ္မရံကြီးမဟုတ်လား.. ဒီဘက်က မြင့်မြင့်ကဘာလဲ.. ကျန်စစ်သားဥမင်ကို ဒီကမမြင်ရဘူးလား.. စသည်ဖြင့် စသည်ဖြင့်.. ဟိုတစ်ယောက်ကဆွဲမေးလိုက်.. ဒီဘက်က တစ်ယောက်ကဆွဲလိုက်ဖြင့် သူ မရောက်ဖူးသော ဘုရားအပေါ်စီးမြင်ကွင်းကို ကောင်းကောင်းမခံစားရပြန်ပါ..
“ငါတို့ဆရာမကြီးက အတော်တော့ကျွမ်းသဗျာ.. ဘာမေးမေးအကုန်သိတယ်” ဟု ဇေယျာက အနားကပ်လာရင်း ခပ်တိုးတိုး မလိုတမာဟန်ဖြင့် ချီးမွမ်းပါသည်.. ကျမ ဘာမှပြန်မပြောဘဲ အသံစာစာဖြင့် ရှင်းပြနေသည့် သူ့အနားကပ် သွားလိုက်သည်.. “ပုဂံမှာ စာဆိုရှိတယ်လေ.. အမြင့်မှာ သဗ္ဗေညု.. ထုမှာ ဓမ္မရံကြီး.. အနုမှာ အာနန္ဒာ တဲ့.. ထုထည်ဆိုရင် ဓမ္မရံကြီးကအကြီးဆုံး.. သဗ္ဗေညုကကျတော့ အမြင့်ဆုံး.. အာနန္ဒာဘုရားကျပြန်တော့ အနုစိတ်လက်ရာတွေမှာ အကောင်းဆုံးဆိုတဲ့သဘောပါ” .. သူစိတ်ဝင်စားသော ဘာသာရပ်မို့ စိတ်ပါလက်ပါရှင်းပြနေသော်လည်း မျက်နှာကတော့ ခပ်တည်တည်ပင်.. ဒီမိန်းမ ရယ်ရောရယ်တတ်ရဲ့လား..
ပုဂံရောက်ပြီး ၅ ရက်မြောက်နေ့မှာ ဘုရားနံရံမှဆေးရေးပန်းချီများကို ကူးဆွဲရန် ကျောင်းသား ၄၅ ယောက်ကို ၁၅ ယောက်စီအဖွဲ့တွေခွဲ.. ဆရာ ဆရာမတစ်ယောက်စီက ခေါင်းဆောင်ကာ ဘုရား ၃ ခုကိုခွဲသွားကြသည်.. ကျမပါဝင်ရသည့်အဖွဲ့က မြင်းကပါဂူပြောက်ကြီးဘုရားမှ တိတ္ထိတို့တန်ခိုးပြခန်းကို ကူးဆွဲမှတ်တမ်းတင်ရန် တာဝန်ကျပါသည်.. မြင်းကပါဂူပြောက်ကြီးဘုရားကို ကျမတို့ ၃ ရက်ဆက်တိုက်သွားကြရ၏.. ပုံကူးစက္ကူအကြည်များကို နံရံတွင် စက္ကူတိပ်များဖြင့်ကပ်.. ပြီးမှ ထိုပေါ်တွင် ရေစိုခံဆော့ပင်ဖြင့် ထပ်ကူးကြရပါသည်.. အဲသည့်ပုံကူးစက္ကူပေါ်ကပုံတွေကို ကျောင်းပြန်ရောက်မှ ရေဆေးစက္ကူများပေါ်မှာပြန်ကူးဆွဲ.. အရောင်ဖြည့်ကြရဦးမည်.. သူနားမလည်သောအပိုင်းကဏ္ဍကိုရောက်လာပြီမို့ ကျမတို့ ဆရာမကြီး၏ အသံစာစာကို မကြားရတော့ပြန်ပါ.. မနက်ဆိုလျှင် ကျမတို့ အဖွဲ့ ၃ ဖွဲ့ကို ကားဆရာကြီးက တစ်နေရာစီလှည့်ပို့ပါသည်.. နေ့လည်ဆိုလျှင် ထမင်းဘူးတွေလာပို့သော ကားနှင့် သူပါလာတတ်သည်.. အအေးဘူးတွေကို သူ့သဘောနှင့်သူဝယ်လာပေးတတ်ပါသည်.. ကျမတို့က ဆူညံပျော်ရွှင်စွာကျေးဇူးတင်ကြသော်လည်း သူကတော့ ဘာမှမထူးခြားသလိုပင် မျက်နှာသေနှင့်..
ပုံကူးခြင်းများပြီးတော့ ကျမတို့ ပြန်ကြပါသည်.. မပြန်ခင်ညက တည်းခိုရာယွန်းကောလိပ်ရှေ့ကွင်းပြင်ကြီးထဲတွင် မီးပုံပွဲလုပ်ကြတော့ သူက ထင်းတွေ အစားအသောက်တွေစီစဉ်ပေးသည်.. မီးပုံပွဲလုပ်မှာကို ကြိုသိနေသဖြင့် နေ့လည်ဘက် အားလုံးပုံကူးသွားနေတုန်း ညောင်ဦးဈေးထဲကနေ ထင်းတွေသွားဝယ်လာပေးထားသည်ဟု ဆရာတွေကပြောပါသည်.. သူ့ထင်းများကြောင့် ကျမတို့ အဆင်ပြေပြေမီးပုံလုပ်ခွင့်ရလိုက်သော်လည်း သူကတော့ ထိုညက ကွင်းထဲသို့ပင်ဆင်းမလာခဲ့ပါ.. ညစာကို တိတ်ဆိတ်စွာစားပြီး အပေါ်ထပ်တက်အိပ်နေ၏.. ကျမက သူ့ကိုသွားခေါ်ဖို့တိုင်ပင်တော့ သူငယ်ချင်းများက တပြိုင်နက်ကန့်ကွက်ကြပါသည်.. “နေပါစေ”တဲ့.. ကျမ ပုခုံးတွန့်၍သာ ထိုင်မြဲထိုင်နေလိုက်တော့သည်..
၁၀ ရက်ကြာခရီးမှ ရန်ကုန်ပြန်ရောက်သည်ထိ ကျောင်းသားများကို စကားတစ်ခွန်းမှမပြောသော သူ့ကို အတော်လေးမကျေမနပ်စိတ်ဖြင့် ကျမကားပေါ်မှာ လိုက်ပါလာပါသည်.. အတော်လေးမာနကြီးတဲ့မိန်းမ.. ကျောင်းသားတွေက တစ်ခွန်းမေးမှ တစ်ခွန်းဖြေသည်.. နိုင်ငံခြားသားဧည့်သည်တွေနဲ့ ကျောင်းသားဧည့်သည် ဘာတွေများ ကွာခြားနေတာမို့လို့လဲ.. သို့သော် ကားက တက္ကသိုလ်ကျောင်းဝင်းထဲကိုရပ်တော့ ကျမ သူ့ကိုခဏမေ့သွားသည်.. လေ့လာရေးခရီးကိုမလိုက်ဘဲ ကျန်ခဲ့သော တခြားသူငယ်ချင်းတွေက ကားပြတင်းပေါက်များမှတဆင့် အထုပ်အပိုးတွေကို ကူညီသယ်ပေးကြသဖြင့် ကျမတို့ သယ်ရပိုးရအတော်လေးသက်သာသွားကြပါသည်.. ဝရုန်းသုံးကား ကားပေါ်မှဆင်းကြပြီး သူငယ်ချင်းများနှင့် ဆူညံအော်ဟစ်နှုတ်ဆက်နေရင်းမှ ကျမ၏ ပန်းချီဒေါက်ခုံ ကားပေါ်မှာကျန်သေးကြောင်း သတိရသွားသဖြင့် အပြေးအလွှား ပြန်သွားရပြန်သည်..
ကားပေါ်မှာ သူရှိနေတုန်းပဲ.. စင်ပေါ်မှာတင်ထားတဲ့ အဝတ်ထုပ်ကို သူအခုမှချတုန်း.. ကျမ သူ့ကို မကြည့်ဘဲ ပန်းချီဒေါက်ကိုသယ်ပြီးဆင်းလာတော့ သူက နောက်က ကပ်၍လိုက်လာပါသည်.. ကားပေါ်မှဆင်းပြီး ကျမတချက်လှည့်ကြည့်လိုက်မိတော့ တဝက်တပျက်ပဲပွင့်နေသော တံခါးကို သူအပြည့်ဖွင့်ဖို့ ကြိုးစားနေတာ မြင်ရသည်.. ကားတံခါးကလည်း လက်ဖြင့် ထောက်မထိန်းထားလျှင် ပြန်ပြန်ပိတ်သွားတော့ အထုပ်အပိုးတွေနဲ့သူ အခက်အခဲဖြစ်နေပုံရ၏.. ကျမ သူ့အတွက် တံခါးကိုဖွင့်ပေးလိုက်ကာ လက်ဖြင့်ထောက်ထိန်းပေးထားလိုက်သည်.. အထုပ်တွေကိုဆွဲရင်း သူဆင်းလာပါသည်.. အောက်ရောက်တော့ ကျမကို ကြည့်ကာပြုံးပြရင်း ကျေးဇူးတင်စကားဆို၏.. “Thank You သော်သော်” တဲ့..
ကျမ ရင်လှပ်ခနဲခုန်သွားတာ သိပ်ပျော်သွားလို့ဖြစ်မည်ထင်သည်.. သူ ကျမကို သိနေတာပဲ.. ကျမသူ့ကို ပြန်ပြုံးပြလိုက်မိတာလား.. ရပါတယ်လို့ ပြန်ပြောလိုက်တာလား.. ဘာမှပြန်မတုံ့ပြန်မိဘူးလား.. သေချာမသဲကွဲခင် သူကလှည့်ထွက်သွားခဲ့ပါသည်.. ဆရာတွေကို နှုတ်ဆက်ပြီးနောက် ကျောင်းအပြင်မှ အငှားကားတစ်စီးကိုတားကာ သူပြန်သွား၏.. ကျမ မြောက်ကြွမြောက်ကြွဖြစ်နေတာကို သူငယ်ချင်းများ ရိပ်မိသွားပါသည်.. “နင်ဘာဖြစ်နေတုံး”ဟု မေးကြ၏.. ကျမ ဘာပြန်ဖြေရပါ့မလဲ.. “သူငါ့နာမည်ကို သိနေတယ်ဟ”လို့ဖြေလိုက်ရမလား.. “သူငါ့ကိုပြုံးပြသွားတယ်”လား.. အဲဒါနဲ့ပဲ ဘာကြောင့် နင်ကပျော်ရတာလဲ လို့များမေးလာရင် ဘာဆက်ပြောရမှန်းသိမည်မဟုတ်ပါ.. ဘာကြောင့်ပျော်နေမိမှန်းမသေချာသောကြောင့် သူတို့ကို ဘာမှပြန်မဖြေမိ.. သို့သော် သေချာတာတစ်ခုကတော့ ကျမတစ်ချိန်လုံးပြုံးနေမိပါသည်..
ဘာကိစ္စကို ဆုံးဖြတ်ဆုံးဖြတ် တွေဝေပြီး မသေမချာရှိလွန်းတဲ့ ကျွန်မဟာ မောင်တို့ ၂ ယောက်ကြားမှာလည်း တွေဝေခဲ့မိတယ်.. ကျွန်မစိတ်ကို ကျွန်မတောင် နားမလည်ပဲ “နားလည်ပေးပါ”ဆိုတဲ့ စကားကိုတော့ မောင်တို့ ၂ ယောက်အပေါ်မှာ အကြိမ်ကြိမ်သုံးခဲ့မိသေးတယ်.. ကျွန်မ လွန်ခဲ့တယ်ထင်ပါတယ်..
“စိတ်ချမ်းသာသလိုသာ ဆုံးဖြတ်ပါ” ဆိုတဲ့စကားကို မောင်တို့ ၂ ယောက်စလုံး တစ်ရက်ထဲမှာ ပြောခဲ့မိကြတယ်.. သူက ကျွန်မကို မျက်နှာလွှဲလျက်ကနေပြောခဲ့ပြီး မောင်ကတော့ မျက်ရည်ဝဲတဲ့မျက်လုံးတွေနဲ့ ကျွန်မကိုစိုက်ကြည့်ရင်းပြောခဲ့တာ.. ဒါကြောင့်လည်း ကျွန်မ မောင့်ကို မရက်စက်နိုင်ခဲ့တာလားမသိဘူး..
တစ်ခါတရံမှာ သေသေချာချာဆုံးဖြတ်ထားတဲ့ ကိစ္စတိုင်းဟာလည်း မသေချာပြန်ဘူးတဲ့.. နှလုံးသားက မဝေခွဲနိုင်လို့ ဦးနှောက်က ကူပြီးရွေးချယ်ပေးခဲ့ပေမယ့် ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် စဉ်းစားတတ်တဲ့ဦးနှောက်လေးလည်း မှားခဲ့တယ်လို့ ခံစားသိလာရတယ်.. သိပ်ချစ်ပေမယ့် ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေတွေကြောင့် သူ့ကိုထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ရတော့ ဝမ်းနည်းနာကျင်နေတဲ့နှလုံးသားကို မောင့်အချစ်တွေက သက်သာစေလိမ့်မယ်လို့ ထင်ထားခဲ့တာ..
မောင်က ကျွန်မကို သိပ်ချစ်တယ်ဆိုတာ ခဏခဏပြောခဲ့ဖူးတယ်နော်.. ကျွန်မကို မဆုံးရှုံးချင်ဘူးတဲ့.. ဒါပေမယ့် ကျွန်မအနားကို စိတ်လိုမှသာ မောင်ရောက်ရောက်လာတတ်တာ.. ကျွန်မက ချစ်စနိုးနဲ့ပြုမူတတ်တဲ့ အမူအကျင့်တွေကို မောင်စိတ်မရှည်တာက ဘာကြောင့်ပါလဲ.. မောင်က ကျွန်မကို စိတ်မရှည်လက်မရှည်နဲ့ လေသံမာမာပြောတဲ့အခါ ကျွန်မအပေါ်မှာ အမြဲချိုသာခဲ့တဲ့ စိတ်ရှည်သည်းခံတတ်တဲ့ သူ့ကိုသတိရရင်း ကျွန်မအားငယ်သွားတတ်တယ်.. ကျေးဇူးပြုပြီး မောင် ကျွန်မကို စိတ်ရှည်ပေးပါ..
“ကိုယ်တို့နှစ်ယောက်ကို ချည်ထားတဲ့ကြိုးလေးမှာ ဆက်ထုံးတွေ အနာတရတွေမရှိအောင်နေမယ်.. အဲဒါ ကိုယ်က ချစ်လို့ပေါ့” တဲ့.. သေချာကြည့်ပါဦးမောင်ရယ်.. မောင်က တမင်လုပ်တာမဟုတ်ပေမယ့် ဆက်ထုံးတွေ ပွန်းပဲ့ရာတွေကတော့ တော်တော်များနေခဲ့ပါပြီ.. မောင်က အနမ်းကိုတောင် ကျွန်မလိုချင်နေချိန် လိုအပ်နေချိန်မှာပေးတာမဟုတ်ဘဲ မောင့်မှာ အနမ်းတွေသိပ်ပိုနေချိန်မှ ပေးတတ်တာ.. ကျွန်မလိုအပ်ချိန်မှာ အမြဲရခဲ့တဲ့ နွေးထွေးစေတဲ့အနမ်းတွေကို ခုမှပြန်တန်ဖိုးထားမိတော့ နောင်တတွေနဲ့ ကျွန်မနာကျင်ရပါတယ်..
မောင်က ကျွန်မလိုအပ်တဲ့အခါ ကျွန်မအတွက်ဖြည့်ဆည်းပေးဖို့၊ ကျွန်မဘာလိုအပ်သလဲ အလိုက်တသိကြည့်နေဖို့ထက် မောင်လိုအပ်ချိန်မှာ ကျွန်မအဆင်သင့်ရှိနေအောင် ကြိုးစားခဲ့တာ.. ဟုတ်ကဲ့ မောင်ဖြစ်စေချင်သလိုပါပဲ.. မောင်လိုအပ်လို့ ကျွန်မအနားရောက်လာခဲ့ရင် မောင့်အတွက် အဆင်သင့်ရှိနေပါ့မယ်.. ဒါပေမယ့် ကျွန်မအတွက်ဆို အရာရာအဆင်သင့်အမြဲရှိနေခဲ့တဲ့ လူတစ်ယောက်အကြောင်းကို မောင့်အနားမှာနေရင်း တွေးနေမိတတ်တာကိုတော့ မောင်ခွင့်လွှတ်ပေါ့..
မောင့်ကိုတွေးမိရင် ရင်ခုန်ရင်းနဲ့ နာကျင်ရပြီး သူ့ကိုတွေးမိရင် ကြည်နူးပျော်ရွှင်ရင်း ဝမ်းနည်းရတယ်.. မောင်တို့ နှစ်ယောက်စလုံးကို မေ့ပစ်ချင်နေပါတယ်လို့ပြောရင် မောင်က လှောင်ရယ်ဦးမှာလား.. မောင်တို့ကိုမေ့ပါရစေ.. မောင်ကျွန်မကို ဂရုစိုက်အလေးပေးရင် အရင်ကလို အလကားအူမြူးပျော်ရွှင်နေတာမျိုး မဖြစ်ချင်တော့ဘူး.. မောင် ကျွန်မကို ဂရုမစိုက်တဲ့အခါမှာလည်း ရှက်ရွံ့အားငယ်ပြီး ဝမ်းနည်းမနေချင်တော့ဘူး.. မောင်က ဂရုမစိုက်တိုင်း ဂရုစိုက်တတ်လွန်းတဲ့ လူတစ်ယောက်အကြောင်းတွေးရင်း တမ်းတပူလောင် မနေချင်တော့ဘူး.. အရင်နဲ့မတူတော့တဲ့ အသည်းကွဲသမားတစ်ယောက်ကို မြင်တိုင်း ငါ့ကြောင့်ပါလားလို့ ဝမ်းနည်းအားနာမနေချင်တော့ဘူး.. အဲဒီလိုတွေ မဖြစ်ချင်တော့ဘူး.. မဖြစ်ပါရစေနဲ့တော့..
မောင်က ကျွန်မအတွက်ဆိုရင် မီးတောက်တစ်ခုဖြစ်တယ်.. တစ်ခါတရံ နွေးထွေးလုံခြုံစေပေမယ့် လောင်ကျွမ်းပြာကျဖို့လည်းဖြစ်စေသေးတယ်.. ပူပြင်းလောင်မြိုက်နေရပေမယ့် ကျွန်မကျော်ဖြတ်နိုင်ဖို့လည်း ခဲယဉ်းပါတယ်.. သူကတော့ ကျွန်မကူးဖြတ်ဖို့ မဖြစ်နိုင်တဲ့ ပင်လယ်ပြင်ကြီးလိုပေါ့.. အေးငြိမ်တိတ်ဆိတ်ပြီး ငြိမ်းချမ်းပေမယ့် ကမ်းမမြင်လမ်းမမြင်နဲ့.. နက်ရှိုင်းပြီး ခန့်မှန်းရခက်လွန်းတဲ့ ပင်လယ်ပြင်ကြီးကြောင့် စိတ်တွေဝေဝါးလေလွင့်နေရပါတယ်..
လောင်ကျွမ်းစေတဲ့ မီးတောက်ပဲဖြစ်ဖြစ် နစ်မြုပ်နိုင်စေတဲ့ ပင်လယ်ပဲဖြစ်ဖြစ် ကျွန်မ မလိုချင်ပါဘူးလေ.. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ပင်လယ်ခရီးလည်းဆုံးပါစေတော့.. မီးတောက်တွေလည်း ငြိမ်းပါစေတော့လို့ ဆုတောင်းချင်တယ်.. ဆုတောင်းတွေဟာ ပြည့်တတ်ရဲ့လားကွယ်..
လူတွေရဲ့ ရယ်သံကို စွဲလန်းစရာတစ်ခုလို့ ထင်မိပါသလား.. ကျွန်မအတွက်တော့ လူတွေ၏ ရယ်သံသည် စွဲလန်းစရာတစ်ခုဖြစ်ပါသည်.. ဟိုး ငယ်ငယ် မှတ်မိတတ်စအရွယ်ကတည်းက ရယ်သံများကိုကြားဖူးခဲ့သည်.. ပျော်ရွှင်စွာရယ်သံ.. စိတ်လှုပ်ရှားစွာရယ်သံ.. တစ်ခုခုကို ဖုံးကွယ်ချင်၍ ရယ်သောအသံ.. လှောင်ရယ်သံ.. ကလေးငယ်များ၏အပြစ်ကင်းသော ရယ်ခြင်းသက်သက်ကြောင့် ဖြစ်လာသောအသံ.. အမျိုးမျိုးကို ကျွန်မကြားဖူးသော်လည်း ရယ်သံများကို စွဲလန်းတတ်လာသည်ကတော့ ကျွန်မအသက် ၁၅ နှစ်လောက်မှာမှဖြစ်သည်..
ကျွန်မ ၉ တန်းတုန်းက ကျွန်မတို့ မောင်နှမဝမ်းကွဲ ၃ ယောက်ရွယ်တူ အတန်းတူတွေရှိနေတော့ ဘာသာစုံကျူရှင်ယူဖို့ကို ကျွန်မအဖွားအိမ်မှာ ဝိုင်းလုပ်ဖြစ်သည်.. ကျွန်မတို့ မောင်နှမ ၃ ယောက်အပြင် တခြားသူငယ်ချင်း ၅ ယောက်နှင့် အားလုံးပေါင်း ၈ ယောက်.. တစ်နေ့ကျတော့ မြန်မာစာအချိန်အပြီးမှာ ကျွန်မအမေရော တခြားအဒေါ်တွေပါ ကျွန်မတို့စာသင်ရာနေရာကို ရောက်လာကြသည်.. ကျွန်မအဖွားအိမ်မှာက အဒေါ်တွေ ဦးလေးတွေ မကြာခဏလာလာစုံကြလေ့ရှိပြီး လာတိုင်းလည်း ကျွန်မတို့ကျူရှင်ခန်းလေးရှိရာကို ချောင်းကြည့်တတ်ကြတာပါပဲ.. သို့သော်အဲသည့်နေ့ကတော့ ကျွန်မတို့ကို ဆရာမက အစမ်းစာမေးပွဲစစ်သည့်နေ့ဖြစ်ပါသည်.. အမေတွေအဒေါ်တွေရောက်လာချိန်မှာ ဆရာမက ကျွန်မကို ချီးကျူးစကားဆိုနေချိန်ဖြစ်သည်.. ကျွန်မ တော်ကြောင်း မြန်မာစာ ကျက်အားမှတ်အား.. နောက် စာဖတ်အား.. စိတ်ဝင်စားမှုတို့အပြင် လက်ရေးလက်သားကအစ ကောင်းသည်ဟု ကျွန်မချီးကျူးခံနေရချိန်ဖြစ်ပါသည်.. အဲသည့်နေ့က မေမေရယ်သည်.. ကျွန်မအမေရယ်နေတာကို ကြည့်ပြီး ကျွန်မသိပ်ပျော်သွားပါသည်.. ခုချိန်ထိ မေမေလို့ စဉ်းစားရင် အဲသည့်နေ့က ဆရာမက သူ့ဘက်လှည့်ပြီး ပြုံးပြလိုက်ချိန်မှာ ပြန်ရယ်ပြလိုက်သည့်ပုံစံကိုသာမြင်ယောင်နေမိသည်.. ခပ်ရွှင်ရွှင် ခပ်မြူးမြူးရယ်သံ.. ဘဝင်မြင့်သော ဂုဏ်ယူနေသော.. အနည်းငယ်ကြွားလိုသည့်ဟန်ပါနေသည့် မိခင်တစ်ယောက်၏ရယ်သံကို ကျွန်မသိပ်ချစ်သွား၏..
နောက်ထပ် စွဲလန်းမိသည့် ရယ်သံတစ်ခုက ကျွန်မသူငယ်ချင်းတစ်ယောက်၏ အသံဖြစ်သည်.. ဘဝမှာ ပျော်စရာတွေနည်းပါးနေသူတစ်ယောက်၏ ရယ်သံသည် သိပ်ချစ်ဖို့ကောင်းပါသည်ဟု ကျွန်မကပြောရင် မယုံမကြည်များဖြစ်နေကြမလား.. သို့သော် သူရယ်လိုက်ရင်ဖြင့် တကယ်ကိုချစ်စရာကောင်းပါသည်.. အနည်းဆုံးတော့ ကျွန်မအတွက်ပေါ့လေ.. သူ့ရယ်သံကို တယ်လီဖုန်းလိုင်းကြိုးများမှတဆင့်သာ ကြားဖူးသော်လည်း ကျွန်မတစ်သက် ဘယ်တော့မှ မေ့မည်မထင်ပါ.. သူ စကားပြောလျှင် ခပ်ဝဲဝဲခပ်မြန်မြန်.. သူ့အသံက ချိုချိုဖျော့ဖျော့.. ရယ်လိုက်လျှင် သူ့အသံက ပိုချိုသွားကာ ပို၍ငယ်သွားသလိုပဲ.. သူက ရယ်စရာပြောသောအခါ အဆုံးသတ်မှာ `ဟာဟာဟ´ ဆိုသော အသံလေးဖြင့် ဆုံးသွားတတ်သည်.. `မိန်းကလေးအိမ်ပြန်ချိန်ဆိုတော့ ကိုးနာရီခွဲပေါ့ဗျာ.. ဟာဟာဟ´တဲ့.. ကျွန်မဆီ ဖုန်းဆက်သော ညတစ်ညမှာ အိမ်မှာ ကျွန်မရှိမနေသဖြင့် သူက ထိုသို့စနောက်ဖူးပါသည်.. `ဟာဟာဟ´ဆိုသော ပြောင်ချော်ချော်ရယ်သံကို သူ့လိုချစ်စရာကောင်းအောင် ရယ်တတ်သူ ကျွန်မ မကြုံဖူးသေးပါ.. များများရယ်သင့်တယ်လို့ သူ့ကို ကျွန်မကပြောတော့ သူက သိသည်ဟုဆိုခဲ့ပါသည်.. “ဖြစ်နိုင်ရင် ကျနော်လည်း ရယ်နေချင်တာပေါ့ဗျာ” တဲ့.. နာကျင်သံစွက်နေသော ချစ်စရာကောင်းသည့် သူ့ရယ်သံတိုးတိုးကို ကျွန်မစွဲလန်းမိပြန်ပါသည်..
ကလေးတွေ၏ တခစ်ခစ်ရယ်သံကိုလည်း ကျွန်မနှစ်သက်ပါသည်.. စိတ်လှုပ်ရှားမြူးထူးမှုကြောင့် အော်လိုက်သော အား ကနဲအသံသေးသေးလေးတွေသည် ရယ်သံဟုခေါ်လား မခေါ်လားတော့ ကျွန်မ မပြောတတ်.. သို့သော် အဲသည့်အသံလေးတွေကို ကျွန်မအရမ်းချစ်တာပဲ.. ကျွန်မက ကလေးချစ်တတ်သူတစ်ယောက် မဟုတ်ပါ.. ကလေးများကို ကျွန်မကြောက်ပါသည်.. စိတ်လည်းမရှည်လှ.. ချစ်စရာကောင်းသောကလေးငယ်များတွေ့လျှင် ခဏတာချော့မြှူ ဆော့ကစားတတ်တာကလွဲလို့ ကလေးများကို ကြာရှည်မထိန်းကျောင်းတတ်ပါ.. သို့သော် သူတို့ဆီမှ ကြားရတတ်သည့် အဖြူထည်သက်သက် အသံလေးများကိုတော့ ကျွန်မနှစ်သက်မိ၏.. ကလေးငိုသံကြားလျှင် ကျွန်မအင်မတန်ဒေါသထွက်တတ်ပြီး အလကားအဓိပ္ပါယ်မရှိ ရယ်နေတတ်သည့် ကလေးများကိုတော့ တစ်ချို့လူကြီးများက ဟန့်တတ်သော်လည်း ကျွန်မကတော့သဘောကျမိသည်.. ကလေးတို့၏ ရယ်သံသည် ကျွန်မကို စိတ်ကြည်လင်စေပါသည်..
ကျွန်မအစ်ကိုက စိတ်လှုပ်ရှားလာလျှင် ရယ်လေ့ရှိသည်.. သဘောကျလျှင်.. တစ်ခုခုကိုဖုံးကွယ်လိုလျှင်.. သူ မပြောချင်သော အကြောင်းအရာတစ်ခုခုကို ရှောင်ရှားလိုလျှင် ရယ်ပါသည်.. သူ့ရယ်သံက ခပ်ကျယ်ကျယ် ခပ်မြန်မြန်.. ဟားဟားဟားဟူသော အသံခပ်မြန်မြန်ပြီးလျှင် ရှိုက်သံဖြင့် အဆုံးသတ်သွားလေ့ရှိသည်.. “ဟိုးဟိုးဟိုး”ဆိုသော အသံမျိုးကိုလည်း သူမို့လို့ ရယ်တတ်သည်.. သူ့စိတ်ပင်ပန်းမှုများအကြောင်း ဒါမှမဟုတ် သူ့ကောင်မလေးအကြောင်း ကျွန်မကမေးလျှင် ပထမတစ်ခွန်းမှာ သူစနောက်၍ဖြေမည်.. နောက်တစ်ခါ အတည်ထပ်မေးလျှင် “ဒီလိုပါပဲ”.. “အဆင်ပြေပါတယ်”.. “ဒီလိုပဲပေါ့” စသည့် မရေမရာ စကားများဖြင့်ဖြေတတ်ပြီး.. သေချာပြောပြဖို့ ကျွန်မတောင်းဆိုလျှင် သူရယ်တော့မည်.. “ဘာလုပ်ဖို့လဲ ဒီလိုပါပဲ အဆင်ပြေပါတယ်ဆို” .. ကျွန်မက ရယ်စရာပြောသည့်အခါ.. ကျွန်မက သူ့ကိုစနောက်သည့်အခါ ပျော်ရွှင်ပေါ့ပါးစွာ မျက်စိနှစ်လုံးစလုံး မှေးစင်းသည်အထိ သူရယ်မည်.. ကျွန်မကို တစ်ခုခုဖုံးကွယ်ချင်လျှင် မျက်လုံးချင်းရှောင်ရှားလျက် သူရယ်မည်.. သူ့ကိုယ်သူ သဘောကျလျှင်.. မပြောချင်သည့်အကြောင်းအရာ တစ်ခုနှင့်ဆုံလာလျှင်သူရယ်မည်.. အင်မတန်ရိုးရှင်းလှသော ရယ်သံကိုပိုင်ဆိုင်ထားသော်လည်း ဘယ်နေရာမှာကြားကြား အဲ့ဒါကျွန်မအစ်ကိုရဲ့ရယ်သံလို့ ခွဲခြားသိနိုင်လောက်သည်ထိ ကျွန်မ သူ့ရယ်သံကို ချစ်ပါသည်..
နောက်ထပ် ကျွန်မကို ရင်ခုန်စေတာကတော့ ကျွန်မချစ်သူ၏ လှောင်ရယ်သံဖြစ်သည်.. “အဟက်”ဟူသောအသံဟု အနီးစပ်ဆုံးအသံဖလှယ်နိုင်မည်ထင်၏.. ထိုအသံအတွက် နှုတ်ခမ်းလှုပ်ရှားမှုက ညာဘက်နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကွေးရုံသာ.. သူ့နှုတ်ခမ်းပါးပါးလေး၏ အလှုပ်အရှားမှာ ကြည့်ကောင်းသည်ဟု ကျွန်မ ထင်ပါသည်.. ကျွန်မညာနေသည်ဟု သူသိကြောင်းပြသသည့် ခပ်ထေ့ထေ့လှောင်ရယ်သံ.. ကျွန်မဖန်တီးထားသော အနုပညာတစ်ခု လွဲချော်နေလျှင် ခေါင်းခါလျက် ရယ်တတ်သည့် ချစ်စနိုးလှောင်ရယ်သံ.. ဘဝ၏ရယ်စရာမောစရာ လှောင်ချင်စရာများကို အရွဲ့တိုက်သည့် အားရပါးရလှောင်ရယ်သံ စသည်ဖြင့် သူ့နှုတ်ခမ်းလေးတစ်ချက်အကွေး.. “အဟက်”ဆိုသောအသံလေး၏ နောက်ကွယ်မှာ အကြောင်းရင်းများစွာရှိနေတတ်သည်.. လှောင်ရယ်သံသည် ကောင်းသော အတိတ်နိမိတ်မဟုတ်မှန်း ကျွန်မသိသော်လည်း သူ့ရယ်သံကိုတော့ မစွဲလန်းပဲမနေနိုင်ခဲ့ပါ.. ကျွန်မကို လှောင်ပြောင်နေသည်ဖြစ်ပါစေဦး ထိုရယ်သံကို ကျွန်မ ရင်ခုန်ပါသည်.. တစ်ခါတလေ တစ်စုံတစ်ခုကိုသဘောကျလို့ သူ တဟားဟားရယ်မောနေလျှင် ကျွန်မ အမြင်ကပ်တတ်သော်လည်း ထီမထင်မျက်နှာပေးဖြင့် ခပ်ထေ့ထေ့လေးလှောင်ရယ်လျှင်တော့ ကျွန်မသူ့ကို သိပ်သဘောကျမိသည်.. ချစ်သူ၏ လှောင်ရယ်သံများကို စွဲလန်းရင်ခုန်နေခြင်းကြောင့် ကျွန်မကို အတော်လေးရူးသွပ်သည့် မိန်းမတစ်ယောက်ဟုများ သတ်မှတ်ကြမည်လားမသိ..
ရယ်သံကိုမနှစ်သက်သောသူဆိုတာ ကမ္ဘာပေါ်မှာ သိပ်ရှားမှာပါ.. ကျွန်မလိုပဲ တစ်ချို့ရယ်သံများကို စွဲလန်းရူးသွပ်တတ်သူရော ရှိနိုင်ပါသလား.. ကျွန်မအထီးကျန်အဖော်မဲ့နေတိုင်း.. ကျွန်မမှာ စကားပြောရမည့် တိုင်ပင်ဆွေးနွေးရမည့်လူ မရှိချိန်တိုင်းမှာ.. ထိုခဏလေးများမှာ ကျွန်မမှတ်မိရင်းနှီးနေသော ရယ်သံများက ရှေ့ဆက်နိုင်ဖို့ခွန်အားတွေကို ပေးတတ်၏.. မေမေ့ရယ်သံကိုကြားလျှင် ကျွန်မအားတက်လာသည်.. ချစ်သူ၏ ရယ်သံကြောင့် ကျွန်မ ရင်ခုန်လှိုက်မောရသည်.. သူငယ်ချင်း၏ ရယ်သံချိုချိုလေးကို ကြားယောင်လျှင် ကျွန်မနွေးထွေးလာရသည်.. အစ်ကို့၏ ခွန်အားရှိသောရယ်သံကြောင့် ကျွန်မတက်ကြွလာသည်.. ကလေးငယ်များ၏ ရယ်သံများကြောင့် ကျွန်မလွတ်လပ်ပျော်ရွှင်လာရသည်.. ရယ်သံများကို ကျွန်မချစ်ပါသည်.. ရယ်သံများကို ကျွန်မရင်ခုန်စွဲလန်းပါသည်.. ရယ်သံများကို ကျွန်မစောင့်မျှော်နေပါသည်..
သင်ရော …
ရယ်သံများကို သတိပြုမိပါရဲ့လား .. … …..
Recent Comments