မျှော်သူ07-03-2010 | 11:56:03 | 13 Comments

ရင်ဘတ်ကို မနည်းပင် ဖိထားရသည်.. ရင်တဒိန်းဒိန်းခုန်နေ၏.. အသက်ကိုပင် မှန်ကန်အောင် စည်းချက်ကျစွာ မရှူနိုင်.. ပျော်ရွှင်စွာဖြင့် စိတ်လှုပ်ရှားရသည်မို့တော့ ခံသာနေပါသေးသည်.. ရင်တဒိတ်ဒိတ်ခုန်သံနှင့်အတူ “မရောက်သေးဘူးလား မရောက်သေးဘူးလား” ဟူသောစကားကိုပင် စိတ်က ထပ်တလဲလဲရေရွတ်နေမိသည်.. တကယ်တော့ လေယာဉ်က တက်တောင်မတက်သေး.. ကျမ သိပ်ပြီးတော့များ စိတ်လောကြီးနေပြီလားမသိပါ..

ခုံခါးပါတ်တွေ ပတ်ထားပေးဖို့ အချက်ပြစာတန်းတွေ ပေါ်လာပြီ.. အို.. စောစောကတည်းက ကျမပတ်တောင်ပြီးနေပြီ.. အမြန်သာထွက်ပါတော့.. ဟုတ်ပါပြီ.. သိပါတယ်.. လေယာဉ်ပေါ်မှာ ဆေးလိပ်မသောက်ရဘူးတွေ.. လက်ကိုင်ဖုန်း မသုံးဖို့တွေ.. သိပါပြီ တော်ပါတော့.. ဟော – ဘီးတွေစလှိမ့်ပြီ.. မကြာခင်ပြေးလမ်းပေါ်မှာ ပြေးလွှားပြီး နောက် လေထုထဲကို ထိုးတက်သွားတော့မည်.. ထို့နောက် လေဆိပ်ခန်းမကြီးနှင့် ဖြတ်သန်းစရာ ကောင်တာစားပွဲတစ်ချို့.. အချိန်သိပ်မကြာခင်မှာပဲ မောင်နဲ့ တွေ့နိုင်တော့မည်..

မောင် လို့ တွေးလိုက်မိတာနဲ့ ခြေဖျားလက်ဖျားများ အေးစက်လာပြန်သည်.. ဒုက္ခပါလား.. ကျမဘယ်တော့များမှ ကျင့်သားရမည်လဲမသိပါ.. မောင့်အကြောင်းတွေးမိတိုင်း စိတ်လှုပ်ရှားလာတတ်တာ.. ခြေဖျားလက်ဖျားတွေ အေးစက်လာတတ်တာ.. မောင့် အပြုံးကိုမြင်ရတိုင်း အသက်အောင့်ထားမိတာ.. မောင့်ရယ်သံကိုကြားတိုင်း ကျမ ပင့်သက်ရှိုက်ဖို့မေ့လျော့နေတတ်တာ.. မောင့်ကိုယ်နံ့ကိုရတိုင်း ကျမ ဒူးတွေညွတ်ခွေလာတတ်တာ.. မောင်နဲ့ မကြာခဏ အချိန်အကြာကြီး ဝေးကွာနေရလို့များ အဲသည်လိုတွေဖြစ်ရတာလား.. ဒါမှမဟုတ် မောင်နဲ့ အမြဲနီးကပ်နေရင်လည်း အဲသည်လိုတွေဖြစ်နေဦးမှာပဲလား.. ဒီတစ်ခေါက်တော့ ကျမ ကွဲကွဲပြားပြားသိရတော့မည်.. ဒီတစ်ခါ အရင်အခေါက်တွေလို ခဏလေးနေဖို့ မဟုတ်ဘူးမောင်.. မောင့်အနားမှာ မခွဲမခွာတမ်း တသက်လုံးနေဖို့.. ကျမလာပြီ..

“မောင်လာကြိုမယ်” ဆိုတဲ့ စာလေးကို ကျမရတဲ့အချိန်က လေယာဉ်လက်မှတ်ကိစ္စတွေကြောင့် စိတ်တွေရှုပ်နေရတဲ့ အချိန်ပေါ့.. ဒါပေမယ့် မောင့်စာတိုလေးကို ဖတ်လိုက်ရတဲ့ ခဏလေးမှာပဲ ကျမစိတ်တွေ ပျော်ရွှင်ပျော့ပျောင်းသွားကြပြီ.. “မောင်”တဲ့လား.. မောင်က မောင့်ကိုယ်မောင် အဲသည်လိုသုံးနှုန်းလိုက်သလား.. ကျမ စိတ်ထဲကနေ အထပ်ထပ်အခါခါခေါ်နေပေမယ့် ပါးစပ်ကတော့ ဘယ်တော့မှ ပြောမထွက်ခဲ့တဲ့ စကားလုံး.. “ကျွန်တော်”ဆိုတဲ့ အသုံးနှုန်းကို သုံးနေကြမောင်ကရော ဘာစိတ်ကူးနဲ့ အဲသည်လိုရေးလိုက်ရတာလဲကွယ်.. ကျမ မျက်ရည်တွေလည်လာခဲ့ရတာ ပျော်လွန်းလို့နေမှာပေါ့နော်..

“ပါးစပ်လေးဘာလေး စိပါဦး”လို့ မောင်က စနောက်ဖူးတာကို သတိရမိပြန်သည်.. မောင်နှင့် ပထမဆုံးအကြိမ် တွေ့ကြတုန်းက ကျမသိပ်ပျော်နေခဲ့ပြီး ဟန်မဆောင်တတ်သူပီပီ ပျော်တာကို ဘယ်လိုမှ ထိန်းချုပ်မထားတတ်ခဲ့.. မောင်က သဘောတကျဖြင့် မှတ်ချက်ချခဲ့ဖူးသည်.. “ဒီကောင်မလေး ကလေးသာသာပဲရှိသေးတာ သိတော့သိသား.. ဒါပေမယ့် ဒါလောက် ဟန်မဆောင်တတ်မှန်းမထင်ခဲ့ဘူးကွာ” တဲ့.. မောင်စနောက်သည်ကို အနည်းငယ်တော့ရှက်သွားခဲ့ပေမယ့် သေးသေးဖွဲဖွဲလေးကအစ ဘာကိုမြင်မြင် သဘောတကျပြုံးရွှင်နေတတ်သည့် မျက်နှာထားကိုတော့ ပြင်လို့မရခဲ့ချေ.. “အေးလေ.. ကျွန်တော့်ရှေ့မှာတော့ ဟန်ဆောင်နေစရာလည်းမလိုပါဘူး” လို့ မောင်ကပင် ပြန်ပြီးနှစ်သိမ့်ပေးခဲ့သေးသည်..

ဒီတစ်ခါတွေ့ကြရင်တော့ မောင်ကိုယ်တိုင်ရော တပြုံးပြုံးနဲ့ရှိနေမည်လား.. အင်းလေ.. မောင်ကတော့ အမြဲပြုံးရွှင်ကြည်သာသော မျက်နှာနဲ့ပါပဲ.. နှုတ်ခမ်းလေးတစ်ဖက်ကို တွန့်ကွေးလျက် သွားတက်ကလေးများပေါ်အောင် မောင်ပြုံးလိုက်ပြီဆိုလျှင် ကျမ အသက်အောင့်ထားမိတတ်သည်.. မောင့်နှုတ်ခမ်းများက သိပ်လှတာပဲ.. တွန့်တွန့်ကွေးကွေး နီနီထွေးထွေးလေးတွေ.. မောင့်အသံကလည်း သိပ်နားထောင်ကောင်းတာပဲ.. သို့သော် မောင်သီချင်းမဆိုတတ်ဘူးနော်.. အသံလှလှလေးကို နှမျောဖို့ကောင်းလောက်အောင်ပင် မောင်က သီချင်းဆိုရာမှာ ညံ့သူဖြစ်သည်.. ကီးဝင်အောင် မောင်ဘယ်တော့မှ မဆိုတတ်.. ဘယ်လောက်လွယ်သော သီချင်းဖြစ်ဖြစ်လေ.. “ကျွန်တော်က သိပ်ကြောင်တဲ့ အသံကီးတွေကို ပိုင်ဆိုင်ထားတဲ့လူ”လို့ ပြောပြီး ရယ်မောကြဖူးသည်.. သီချင်းသာမဆိုတတ်ပေမယ့် ဂီတကို နားလည်ခံစားရာမှာတော့ မောင်ကထူးချွန်လို့ တော်ပါသေးရဲ့..

Duty Free ပစ္စည်းတချို့ဝယ်ယူနေကြသော လူများကြောင့် လေယာဉ်မယ်လေးများ အိတ်များကိုင်လျက် အရှေ့အနောက်လျှောက်နေကြသည်.. ရေမွှေးတစ်ပုလင်းလောက် မောင့်အတွက် ဝယ်သွားရင်ကောင်းမလားမသိ.. သို့သော် မောင် ဘာရေမွှေးကြိုက်သလဲ သုံးသလဲ ကျမ မသိပါ.. မောင်နှင့် လူချင်းတွေ့ဖူးတာကလည်း ၄ ခါသာရှိသေးသည်မို့ မောင့်ဆီကရသည့် ကိုယ်နံ့သည် ရေမွှေးလား ဘော်ဒီလိုးရှင်းလား ဆပ်ပြာနံ့လားဆိုတာပင် မခွဲခြားနိုင်သေး.. ကျမ ကြိုက်သည့် တစ်ခုခုကို ဝယ်သွားရင်ရော မောင်က သုံးမည်လား.. စဉ်းစားရင်း စဉ်းစားရင်းနှင့်ပင် မဝယ်တော့ပါဘူးလေဟု ဆုံးဖြတ်လိုက်၏.. မောင့်ဆီကရသည့် ကိုယ်နံ့ကို ကျမ နှစ်သက်တာပဲ ဖြစ်ရမည်.. ကျမကြိုက်သည့် အနံ့ကို မောင်က သုံးရသည်ဆိုတာမျိုးတော့ မဖြစ်စေချင်မိပါ.. မောင့်အပေါ်ထားသည့် ခံစားချက်များကို ထိုအသေးအဖွဲလေးများကအစ စစ်မှန်ချင်ပါသည် မောင်..

မောင်မှာသည့် ကဗျာစာအုပ်များကို ဝယ်လာခဲ့သဖြင့် ကျမ hand carry က အနည်းငယ်ပိုပြီး လေးလံနေသည်.. မောင် ကဗျာတွေကို ချစ်တတ်တာကို ကျမဝမ်းသာမိသည်.. ကျမကတော့ ကဗျာကို နားလည်ခံစားတတ်ဖို့ မနည်းပင်ကြိုးစားရတတ်သူဖြစ်၏.. မောင်က ဘယ်သွားသွား စာအုပ်တစ်အုပ်လက်မှ ကိုင်လျက်သွားလာတတ်သူဖြစ်ကြောင်း ကျမ သတိထားမိပါသည်.. ပထမဆုံးအကြိမ် ကျမမောင့်ဆီလာတော့ စာအုပ်ခပ်ပါးပါးလေးကို လိပ်ကိုင်ထားလျက် ကျမကို စောင့်ကြိုနေသော မောင့်ပုံစံကို ဘယ်တော့မှမေ့တော့မည်မထင်.. စာအုပ်အဖုံးအနက်ရောင်လေးပေါ်မှာ မောင့်လက် ဖြူဖြူသွယ်သွယ်လေးများက ပေါ်လွင်လှပနေခဲ့သည်.. “လက်သည်းကို နည်းနည်းတော့ ပိုရှည်အောင်ထားပါဦး.. ဒါလောက် အထဲကိုဝင်တဲ့ထိ တိုတိနေအောင် မညှပ်ပါနဲ့” လို့ ကျမပြောဖူးခဲ့တာကို မောင်မလိုက်နာပါ.. လက်အတွင်းသားထဲ ရောက်သည်အထိ လက်သည်းကို တိုအောင်ညှပ်ထားသဖြင့် မောင့်လက်များက လှသင့်သလောက်မလှဘဲဖြစ်နေသည်.. သို့သော်လည်း ကျမကတော့ ချစ်တာပါပဲ.. မောင့်လက်ချောင်းများ ခြေချောင်းလေးများကအစ ကျမချစ်သည်..

လေယာဉ်ဆင်းတော့မည်.. ခါးပတ်ပတ်ရန် အချက်ပေးများပေါ်လာပြန်ပြီ.. အို ကျမဖြင့် ခါးပတ်တောင်ပြန်မချွတ်မိ.. လေယာဉ်မယ်လေးက ပြောပေးသည့် အရေးပေါ်လုပ်ဆောင်ရန်များကိုလည်း နားမထောင်ခဲ့မိ.. အမြဲစပ်စုနေကြ လေယာဉ်မဂ္ဂဇင်းများကိုလည်း ကောက်တောင်မကိုင်မိ.. မောင်ကလွဲလို့ တခြားဘာကိုမှ မစဉ်းစားမတွေးမိ.. မောင်ရှိသည့်မြေသို့ လေယာဉ်ကြီးဆင်းပြီ.. မောင်နှင့်ကျမ နီးကြရပြီ.. “မောင်လာကြိုမယ်” တဲ့.. ခုချိန်ဆိုလျှင် ခုံတန်းများပေါ်မှာ စာအုပ်ထိုင်ဖတ်နေရာမှ မောင် လှုပ်လှုပ်ရှားရှား မတ်တပ်ထရပ်နေလောက်ပြီထင်သည်.. မောင်နှင့်တွေ့ဖို့ ကျမက စိတ်လှုပ်ရှားရင်ခုန်စွာ မျှော်လင့်နေသလို မောင်ကလည်း ကျမကို မျှော်နေမှာပဲနော်.. မောင်ပြုံးနေမည်လားမသိ.. ကျမကိုတွေ့လျှင် အားရပါးရ ပြုံးရယ်ပြမည်လား.. မောင်ရော စိတ်လှုပ်ရှားနေမည်လား.. ကျမကတော့ ရင်ဘတ်ကို မနည်းပင် ဖိထားရသည်.. ရင်တဒိန်းဒိန်းခုန်နေ၏.. အသက်ကိုပင် မှန်ကန်အောင် စည်းချက်ကျစွာ မရှူနိုင်..

မောင်ရေ .. ကျမ လာပြီ..

13 Responses to “မျှော်သူ”

  1. ဟင်..ပြီးသွားပြီ…ထပ်ဖက်ချင်သေးတယ်…
    မနန်းညီ ရေးတဲ့ဟန်က လူငယ်ဆန်တယ် ၊ သွက်တယ် ၊ နူးညံ့တယ်.

  2. ဘာလီ..

  3. Barley

  4. သိပ်ခံစားထားလွန်းလို့ ကျုပ်တော့မခံစားနိုင်ကြောင်းပါ။ နှလုံးသားတွေအဲ့လောက်ထိ ပြန်နူးညံ့ချင်ပါသေးရဲ့ တော်…။

  5. မောင့်နှုတ်ခမ်းမွှေးရေးရေးလေးတွေအကြောင်း စဉ်းစားမိပြီး ကျမက “မောင်”လို့ခေါ်လိုက်လျှင် “ညောင်”ဟု ပြန်ထူးလေမလားလို့…ကျမ ဆက်တွေးနေမိ ပြန်သည် ။:P

  6. ဒီလို အရေးအသားမျိုးတွေ ရေးနိုင်တဲ့ စိတ်ကူးကို တစ်ခါတစ်လေ အံ့သြတယ်
    အဲ့လိုရေးနိုင်လို့ပဲ အဲ့လိုနှလုံးသားဖြစ်နေတာလားလို့လဲ တွေးမိပါရဲ့

  7. Amara Aung said:
    “အေးလေ.. ကျွန်တော့်ရှေ့မှာတော့ ဟန်ဆောင်နေစရာလည်းမလိုပါဘူး” လို့ မောင်ကပင် ပြန်ပြီးနှစ်သိမ့်ပေးခဲ့သေးသည်..။ တော်တော်သဘောကျဖို့ ကောင်းတဲ့ ယောက်ျားပဲ..:) I feel like it’s too good to be true :P

  8. တပိုင်းတစကြီးကို ဖတ်လိုက်ရသလိုကြီး
    ဟာတာတာနဲ့

  9. မပြီးသေးဘူး။ မမန့်သေးဘူး။

  10. ကောင်းတယ် ဒါပေမယ့် ဆန့် တငန့် ငန့် ကြီး

  11. မင်္ဂလာပါရှင်
    ကျမတို့ရဲ့ စစ်ခ်အဲ လေယာဉ်ကြီးဟာ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်တော့မှာ ဖြစ်တဲ့အတွက် ခရီးသည်များ မိမိတို့ရဲ့ ထိုင်ခုံ ခါးပတ်များကို သေချာစွာပတ်ဆင်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာကြပြီး ပျော်ရွှင်ဖွယ်ရာ ခရီးတခုဖြစ်ပါစေရှင်။
    ကျမတို့ လေကြောင်းလိုင်းမှ လေယာဉ်မှုး ကပ္ပတိန် မောင်မောင်စမ်းလေးနဲ့ လေယာဉ်မောင်မယ်များမှ နှုတ်ခွန်းဆက်သပါတယ်။
    ပြည်လည်တွေ့ဆုံကြအုံးမယ်လို့မျှော်လင့်ပါတယ်ရှင်….

  12. Bravo !!

  13. ဆန့်တငံ့ငံ့ ဖီလင်အပြင် .. နောက်ထပ်တစ်ခုခုလောက် ထပ်ပေးလိုက်ပါတော့လား.. လွမ်းရမှာလားမသိ.. ပျော်ရမှာလားမသိ .. သံဝေဂယူရမှာလားမသိ ဖြစ်နေလို့

Leave a Reply